Sunday 24 May 2015

ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံရန် တောင်းဆိုမှု မပြုခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား

ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက ဖော်ပြထားသကဲ့သို့ လှေစီးဒုက္ခသည် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံရန် တောင်းဆိုမှု မပြုခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား

မေ ၁၉ ရက် နေ့စွဲဖြင့် The Independent သတင်းဌာနက ဖော်ပြခဲ့သော သတင်းအား တွေ့ရစဉ်
ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက ဖော်ပြထားသကဲ့သို့ အက်ဒမန်ပင်လယ်အတွင်း မျောပါနေသည့် လှေစီးဒုက္ခသည် ဘင်္ဂါလီများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် တောင်းဆိုမှု မပြုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မေ ၂၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
The Independent သတင်းဌာနက မေ ၁၉ ရက် နေ့စွဲဖြင့် သတင်းတစ်ရပ် ဖော်ပြခဲ့ပြီး "အက်ဒမန်ပင်လယ်အတွင်း မျောပါနေသည့် ဘင်္ဂါလီဒုက္ခသည်များကို နိုင်ငံသား အသိအမှတ်ပြုပေးရန် အစိုးရအား မြန်မာ့အတိုက်အခံပါတီ တောင်းဆို" ဟု ခေါင်းစဉ်တပ် ဖော်ပြခဲ့သည်။
အဆိုပါသတင်းအတွက် ထင်မြင်ချက် တောင်းခံသဖြင့် NLD ပါတီအနေဖြင့် မဟုတ်ဘဲ မိမိ၏တစ်ဦးတည်းသော သဘောထားအဖြစ် ထင်မြင်ချက်ပေးခဲ့ခြင်းသာဖြစ်ပြီး သတင်းခေါင်းစဉ်တွင် ဖော်ပြထားသကဲ့သို့ နိုင်ငံသား အသိအမှတ်ပြုပေးရန် အချက်မှာလည်း မဟုတ်ကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။
The Independent ၏ ဖော်ပြချက်တွင် ဦးဥာဏ်ဝင်း၏ ပြောစကားနှစ်ရပ်ကို တိုက်ရိုက်အနေဖြင့် သုံးစွဲထားသည်။ ၎င်းတို့က မေးမြန်ခဲ့သည်ဆိုသော သတင်းဖော်ပြချက်တွင် ဦးဥာဏ်ဝင်းက "ဒီပြဿနာကို ဥပဒေအရ ဖြေရှင်းရပါမယ်။ ဥပဒေကို ပြင်ဆင်ဖို့လိုပါတယ်။ (ဒီမှာနေထိုင်တာ) မျိုးဆက်တစ်ဆက်၊ နှစ်ဆက်ရှိပြီဆိုရင် သူတို့အနေနဲ့ နိုင်ငံသားဖြစ်ခွင့် ရှိသင့်ပါတယ်" ဟု ပြောဆိုကြောင်း ဖော်ပြခဲ့သည်။
ထိုစကားရပ်နှင့် ပတ်သက်၍ "ဟုတ်ပါတယ်။ ဒါပေမဲ့ ဥပဒေပြင်ဖို့ ကျွန်တော်ပြောခဲ့တာက ၁၉၈၂ ခုနှစ် ဥပဒေကို အများက လက်ခံနိုင်တဲ့၊ တိုင်းပြည်က လက်ခံနိုင်တဲ့အဆင့်၊ ပြုလို့လည်း ရနိုင်တဲ့အဆင့်၊ အားလုံးညှိနှိုင်းပြီး အချက်အလက်တွေ သတ်မှတ်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ အဲဒီလိုပြောခဲ့ပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
ထို့ပြင် လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို နိုင်ငံသားအဖြစ် လက်ခံရန် တောင်းဆိုတိုက်တွန်းမှု မလုပ်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဘင်္ဂါလီရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်ခံပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရသို့ တိုက်တွန်းခဲ့ဖူးပြီး ထိုအချိန်ကလည်း ယင်းကိစ္စကို လက်မခံကြောင်း ဦးဥာဏ်ဝင်းက ပြောကြားထာ ဖူးသည်။
"လူသားတစ်ယောက်အနေနဲ့ ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရတာကို နားလည်တယ်။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့ လက်မခံဘူး။ ရိုဟင်ဂျာဆိုတာရှိတာ မဟုတ်ဘူး။ ဗမာ့သမိုင်းမှာလည်း မရှိဘူး။ အဲဒီနာမည်တပ် ပြောရင်တော့ ကျွန်တော်လက်မခံဘူး" ဟု ဦးဥာဏ်ဝင်းက ပြောကြားခဲ့ဖူးသည်။
The Independent သတင်းဖော်ပြချက်၌ ဘင်္ဂါလီများအား နိုင်ငံသားပေးရန် အမြင်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံသလားဆိုသည့် မေးခွန်းကို ဦးဥာဏ်ဝင်းအား မေးမြန်းရာ၌ "မသိပါဘူး" ဟု ဖြေကြားခဲ့ကြောင်း ပါရှိခဲ့သည်။
အဆိုပါသတင်း ထွက်ပေါ်ခဲ့သည့် မေ ၁၉ ရက်မှာပင် လှေစီးဘင်္ဂါလီ ဒုက္ခသည်များအရေး ထင်မြင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များက မေးမြန်းခဲ့သည်။
"အဲဒီဟာတွေက အစိုးရက ရှင်းရမယ့် ကိစ္စတွေပဲ။ အဲဒါကြောင့် အစိုးရကိုမေးရင် ပိုကောင်းလိမ့်မယ် ထင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
အစိုးရအနေဖြင့် လှေစီးဒုက္ခသည်များတွင် ပါဝင်နေသူများမှာ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ရမည်ဖြစ်ပြီး ဟုတ်သည်ဆိုပါက လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှု လုပ်ရန်ရှိကြောင်း၊ ထို့အပြင် ယခုကိစ္စကို  ဒုက္ခသည်ကိစ္စဟု မမြင်ဘဲ လူကုန်ကူးမှုပြဿနာဟုမြင်ကြောင်း၊ လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရန်အတွက် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားထားသည်။
ထို့အပြင် ၁၉၈၂ ခုနှစ်ဥပဒေကို အစိုးရက ပြင်ဆင်ရန်မရှိသေးဘဲ ပြည်သူအများစုကလည်း ပြင်ဆင်မှု မပြုလုပ်သင့်ကြောင်း ပြောဆိုထားသည်။ ထို့ကြောင့် ခိုးဝင်ဘင်္ဂါလီများအရေး ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသား အသိအမှတ်ပြုသည့် ကိစ္စများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့်သာ စိစစ်ဆောင်ရွက်နေသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်နေသော ဧည့်နိုင်ငံသားသည် နိုင်ငံသားဖြစ်ခွင့် ရရှိမည် မဟုတ်ဘဲ ဧည့်နိုင်ငံသား အနေဖြင့် မျိုးဆက်သုံးဆက်အထိ နေထိုင်ပြီးမှသာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ  နိုင်ငံသားနှင့် နိုင်ငံခြား မိဘနှစ်ပါးမှ မွေးလာသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘများက မွေးဖွားလာသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးလာသူများ၊ နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးလာသူများ၊ နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးလာသူများသည် နိုင်ငံသားပြုခွင့် ရသူများအဖြစ် လျှောက်ထားနိုင်ကြောင်း သိရသည်။
"ဒီပြဿနာရဲ့ အကောင်းဆုံးဖြေရှင်း နည်းကတော့ အခု White Card အပ်နှံသူတွေကို ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ အမြန်ဆုံးစိစစ်ဖို့ပါပဲ။ ၁၉၆၀ က မူဂျာဟစ်သူပုန်တွေကို လက်နက်ဖြုတ်တုန်းက ရိုဟင်ဂျာအဖြစ် ဦးနုအစိုးရနဲ့ တပ်မတော်က အသိအမှတ်ပြုခဲ့တယ်။ မဆလ အစိုးရလက်ထက် တစ်လျှောက်လုံး ရိုဟင်ဂျာအဖြစ် နိုင်ငံသားကတ်ပြား ကိုင်ဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ ဒီပန်းရောင်ကတ်ကိုသိမ်းပြီး White Card ထုတ်ပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကျတော့  အဲဒီမှာနေထိုင်သူထဲက အများအပြားကို White Card ထုတ်ပေးပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးစေခဲ့တယ်။ White Card နဲ့ မဲပေးခွင်ရခဲ့တဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့စိတ်ထဲမှာ နိုင်ငံသားအဖြစ် အထင်ရောက်ပြီး မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။ အဲဒီနောက်ပိုင်း သူတို့ကို နိုင်ငံသား အသိအမှတ်ပြုပေးဖို့ တောင်းဆိုလာတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေက အဲဒီကစတာပဲ။ မဲနိုင်အောင်လုပ်ခဲ့တဲ့ White Card အမွေဆိုးကို အခုအစိုးရလက်ထက် အပြီးရှင်းဖို့ လိုပါတယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။
"ကျွန်တော် နားလည်သလောက်တော့ White Card ကိုင်သူတွေအနက် အချို့ကတော့ နှစ်ပေါင်း ၅၀ ကျော်နေထိုင်တဲ့ နိုင်ငံသားတွေဖြစ်ပါတယ်။ တချို့က ဧည့်နိုင်ငံသားတွေဖြစ်တယ်။ တချို့ကတော့ ခိုးဝင်လာသူတွေ ဖြစ်နိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ White Card ကြောင့် အခြေအနေ ရှုပ်ထွေးစေခဲ့တာ ဖြစ်ပါတယ်။ အခုဘင်္ဂါလီ ရိုဟင်ဂျာကိစ္စမှာ NLD အနေနဲ့ တိုက်ရိုက် တာဝန်မရှိပါဘူး။ ၁၉၈၂ ခုနှစ် ဥပဒေကို ပြည်သူလူထုကို ချမပြဘဲ ပြင်လို့မရပါဘူး။ NLD ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဒီဥပဒေနဲ့ ပတ်သက်ပြီး ဇွတ်လုပ်ရင် ၂၀၁၅ အလွန်မှာ အီဂျစ်က မော်စီလို အဖြစ်ဆိုးနဲ့ ကြုံရပါမယ်" ဟု ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံသားစိစစ်ရန်အတွက် White Card ကိုင်ဆောင်ထားသူများကို ပြန်လည်အပ်နှံ ခိုင်းထားပြီး White Card ကိုင်ဆောင်သူ ရှစ်သိန်းနီးပါးရှိသည့်အနက် လေးသိန်းကျော် လာရောက်အပ်နှံထားပြီး ဖြစ်ကြောင်း သိရသည်။
အရေအတွက် အတိအကျအားဖြင့် မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်ထားသူ ၇၉၇၅၀၄ ဦးရှိပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၆၆၆၃၈၁ ဦးရှိကြောင်း သိရသည်။

လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး

မေ ၂၁ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကန်တို့သည် မေ ၂၁ ရက်က နေပြည်တော်တွင် တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာဘက်မှ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအပြင် သမ္မတရုံးပြည်ထောင်စု ၀န်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "အမေရိကန်အဖွဲ့နဲ့ အခုဆွေးနွေးတာကတော့ လှေတွေနဲ့ ရွှေ့ပြောင်းနေတဲ့ ကိစ္စတွေ ဆွေးနွေးတယ်။ အမေရိကန်ဘက်ကတော့ ဒီလူတွေကို လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးဖို့ သူတို့ကပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အတိုင်း ဟိုဘက်ကို ရောက်နေတဲ့ ဒီလူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါ၊ မပါ စိစစ်မယ်။ စိစစ်လို့ မြန်မာနိုင်ငံသား မှန်ကန်တယ်ဆိုရင်တော့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ လုပ်မယ်ဆိုပြီး ပြန်လည်ဆွေးနွေး ကြပါတယ်" ဟု မီဒီယာများကို ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ ရေပိုင်နက်ထဲတွင် ဒုက္ခသည်များ ရောက်လာသည်ဆိုပါက လိုအပ်သည့် စိစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိစစ်မှုများ ပြီးစီးပါက သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ပေးမည် ဖြစ်ကြောင်း၊ မကြာခင်က ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးကိစ္စကိုလည်း ရှင်းပြခဲ့ကြောင်း ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ လာမည့် ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်မည့် အစည်းအဝေးကိုလည်း တက်ရန် စီစဉ်နေကြောင်း၊ သို့ရာတွင် မည်သူက ခေါင်းဆောင်မည်၊ မည်သူတွေ ပါမည်ဆိုသည်ကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ဆွေးနွေးရာမှာလည်း ဒီဒုက္ခသည်တွေ ကိစ္စနဲ့ပတ်သက်လို့ ရေရှည်လုပ်ရမှာဖြစ်တယ်။ ဒီလူတွေကို မှောင်ခိုလုပ်နေတဲ့ မှောင်ခိုဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းပြီး ဖြေရှင်းနိုင်ဖို့က အရေးကြီးကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်" ဟု ဦးရဲထွဋ်က ပြောကြားသည်။
ထို့ပြင် အရေးကြီးဆုံးဖြစ်သည့် မြန်မာ့ရေပိုင်နက်အတွင်း ဖြတ်သန်းသွားလာမှုများ ရှိနေသည်ဆိုပါက ကူညီကယ်ဆယ်နိုင်ရန် ကိစ္စများ၊ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်နိုင်မည့်ကိစ္စများ ဆောင်ရွက်ရန်အတွက် ဒုတိယသမ္မတ(၂) ဦးဥာဏ်ထွန်း ဦးစီးပြီး ဆောင်ရွက်ရန် သမ္မတကြီးက တာဝန်ပေးထားကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
Thursday, 21 May 2015 23:24

လှေစီး ဒုက္ခသည်များကို ပြန်လည် စီစစ်ပြီး မြန်မာနိုင်ငံက မှန်ပါက တာဝန်ယူမည်ဟု ကန် ဒု-နိုင်ငံခြားရေး ၀န်ကြီးကို သမ္မတပြော

Written by  ခင်မြတ်မြတ်ဝေ
Boat2000
ရန်ကုန် (မဇ္ဈိမ) ။ ။ အာရှ ပင်လယ်အတွင်း ရောက်ရှိနေသည့် လှေစီးဒုက္ခသည်များတွင် မြန်မာနိုင်ငံမှ မှန်ကန်ပါက ပြန်တာဝန်ယူမည်ဟု သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ခန်တို့  တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကိုပြောသည်။
"စစ်လို့ မှန်တယ်။ မြန်မာနိုင်ငံသားမှန်ရင် ပြန်တာဝန်ယူမယ်။ နိုင်ငံသားမှန်တဲ့ အထောက်အထားတွေ ပြနိုင်ရင် စစ်လို့ပြနိုင်ရင် ပြန်ပြီးတာဝန်ယူမယ် ပြန်ခေါ်မယ်"ဟု  ဦးဇော်ဌေးက ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ရွှေ့ပြောင်းလာသူများဟု ယူဆရသည့် ထောင်နှင့်ချီသော ဒုက္ခသည်များနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး တို့ မေ ၂၁ ရက်က ဆွေးနွေးခဲ့ကာ လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး အချက် သုံးချက် ဆွေးနွေးခဲ့သည်။
ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို သက်သေအထောက်အထားများ နှင့် မြေပြင်သတင်းအချက်အလက်များ စိစစ်၍  ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် မြန်မာပြည်ပိုင်နက်ထဲသို့ ရောက်ရှိလာပါက တပ်မတော်ရေနှင့် တပ်မတော်လေတို့က ထပ်မံ စိစစ်မည်ဖြစ်သည်။ တတိယ အချက်အနေဖြင့် လှေစီး ဒုက္ခသည်များနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
"စိစစ်မှုတွေကတော့ အခုက စလုပ်နေပြီ အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား ဟုတ်တယ်ဆိုရင် ပြန်ခေါ်မယ့်အချိန်ကိုတော့ အတိအကျပြောလို့မရဘူး"ဟုလည်း ဦးဇော်ဌေးကဆိုသည်။
ထောင်နှင့်ချီသော လှေစီးဒုက္ခသည်များအရေးအတွက် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးတွင် "ရိုဟင်ဂျာ"ဟု သုံးနှုန်းလာပါက တက်ရောက်မည်မဟုတ်ဟု မြန်မာအစိုးရက ပြောကြားထားသည်။
ယင်းအပြင် အဆိုပါ လှေပေါ်မှ ဒုက္ခသည်များအရေးနှင့် တရားမဝင် ရွှေ့ပြောင်း လူမှောင်ခိုကိစ္စ ပြဿနာများအပေါ် ဆွေးနွေးသွားရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖတ်ရှ်အမန်က မြန်မာနိုင်ငံသို့ မေ ၂၁ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း ချန်နယ်နယူအေရှတွင် ဖော်ပြထားသည်။
Thursday, 21 May 2015 23:51

ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာသော လှေစီးဒုက္ခသည်များကို ပြည်နယ် အစိုးရ ပြန်လွှတ်

Written by  ကေဇူး
Boat from Rakhine
ရခိုင်ပြည်နယ်မှ ပြန်လွှတ်လိုက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟုဆိုသူများ လှေများဖြင့် ထွက်ခွာစဉ်။ (ဓာတ်ပုံ-အီးပီအေ)
ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ကမ်းရိုးတန်းသို့ ၀င်ရောက်လာသော လှေစီးဒုက္ခသည် ၁၁ ဦးကို ရခိုင်ပြည်နယ် အစိုးရက ပင်လယ်ပြင်အတွင်းသို့ ပြန်လွှတ်လိုက်သည် ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
မေလ ၁၇ ရက်က မောင်တောမြို့နယ် ဥဒေါင်း(အနောက်)ရွာ အနီးရှိ ကံပူးချောင်းပုစွန်ကန် တဲအတွင်းတွင်လှေစီး ဒုက္ခသည်များ ရောက်ရှိနေသည့် သတင်းပေးပို့ချက်များအရ သွားရောက်စိစစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆယ့်တစ်ဦးကိုတွေ့ရှိခဲ့သည် ဟုဆိုသည်။
"စစ်ဆေးတွေ့တဲ့ အထောက်အထားတွေ အရ သူတို့နေရပ်ကို သူတို့ပြန်ဖို့ ပြန်လွှတ်လိုက်တာပါ၊ နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ လ.၀.က က ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်"ပြည်နယ် လ.၀.က ဦးစီးမှူး ဦးခင်စိုးကပြောသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ ရခိုင်ပြည်နယ်တာဝန်ခံ ဒုရဲမှူး ကျော်ညွှန့်က ထို၁၁ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ဒါကာ မြို့များမှ ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ ဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ ထွက်ခွာရန် လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ထိုဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ သွားရောက်ရန် အဆင်မပြေတော့သဖြင့် နေရပ်သို့ ပြန်ပို့မည် ဟု ပြောကာ ပြန်လွှတ်ခဲ့ခြင်းဖြစ်သည် ဟု ထွက်ဆိုခဲ့ကြောင်း ဒုရဲမှူး ကျော်ညွှန့်ကပြောသည်။
ထိုစက်လှေမှာ မောင်တောခရိုင် အလယ်သံကျော်ချောင်းဝအနီး ပင်လယ်ရေအနက် (၇)ပေ ခန့်သို့ရောက်ရှိစဉ် ခုန်ဆင်းရာမှ မောင်တော ခရိုင်အတွင်းသို့ရောက်ရှိလာသည် ဟုဆိုသည်။
"သူတို့ လိပ်စာတွေ အထောက်အထားတွေပါတဲ့အတွက် သူတို့ လာတဲ့လမ်းအတိုင်း ပြန်လွှတ်လိုက်တာ။ သူတို့ ရဲ့ ထွက်ဆိုမှုအရလည်း သူတို့ ဟာ ဘင်္ဂလားဒေရှ်နိုင်ငံက ဆိုတာပေါ်ပေါက်ပါတယ်။"ဟု ဒုရဲမှူး ကျော်ညွှန့်ကပြောသည်။
ရခိုင်ပြည်နယ် တွင်းနေထိုင်သော ဘင်္ဂလီလူမျိုးစု များမှာ နေရပ် စွန့်ခွာကာ ပြည်ပနိုင်ငံများသို့ရေကြောင်းမှ တဆင့် ထွက်ခွာမှုများလည်း ရှိနေသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ မလေးရှား၊ ထိုင်းနိုင်ငံများသို့ လှေစီးကာသွားလာနေကြသော ရွှေ့ပြောင်း အခြေချ ဒုက္ခသည်များနှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် တာဝန်ယူနိုင်မည် မဟုတ်ဟု ငြင်းဆိုထားသည်။

ဘင်္ဂါလီ ဒုက္ခသည်လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ် အမိန့်ထုတ်











ပင်လယ်ပြင်တွင် မျောပါနေသည့် ဘင်္ဂါလီ ဒုက္ခသည် လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများအား အမိန့်ပေးလိုက်သည်။
 မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လှေများဖြင့် ထွက်ခွာလာပြီး အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အခြေချ နေထိုင်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များကို လက်ခံမည်မဟုတ်ဟု အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရများက အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့ကြသည်။

သို့သော်လည်း မေလ ၂၀ ရက် တွင် အဆိုပါ နှစ်နိုင်ငံက လှေစီး ဒုက္ခသည်များဟု သတင်းများက ဝိသေသပြု ခေါ်ဝေါ်သည့် ဘင်္ဂါလီများကို ဒုက္ခသည်အဖြစ် ယာယီလက်ခံထားရန် သဘောတူညီခဲ့ကြသည်။ သို့သော်လည်း ယင်းသည် ရေတိုအတွက်သာ လက်ခံခြင်းဟု နှစ်နိုင်ငံလုံးက သတိပေးထားသည်။
မလေးရှားနှင့် အင်ဒိုနီးရှား ကမ်းခြေများသို့ ဆိုက်ရောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် လှေများပေါ်တွင် လိုက်ပါလာသော ဘင်္ဂါလီ ဒုက္ခသည် ၇၀၀၀ ကျော်မျှ ပင်လယ်ထဲတွင် ရှိနေဆဲဟု ယုံကြည်ရသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်က ကမ်းခြေစောင့် တပ်ဖွဲ့များ၊ တံငါလှေများ အပါအဝင် မိမိနိုင်ငံသားများ အနေဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များ၏ လှေများ ပင်လယ်ထဲ မျောပါနေသည်ကို တွေ့ရှိပါက ကယ်ဆယ်ကူညီရန် တိုက်တွန်း ပြောကြားခဲ့သည်။
နာမကျန်းဖြစ်နေသူများနှင့် ဆာလောင်နေသူများကို ထောက်ပံ့ ကူညီခြင်းသည် အခြေခံ လူ့ကျင့်ဝတ် တစ်ခုဟု နာဂျစ်ဘ်က Twitterတွင် ရေးသားခဲ့သည်။ ထို့အပြင် မလိုလားအပ်ဘဲ အသက်များစွာ ဆုံးရှုံးနိုင်သည့် အခြေအနေကို ကာကွယ်ရန် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို အားစိုက် ဆောင်ရွက်စေလိုကြောင်း ရေတပ်နှင့် ရေလမ်းသွားလာမှုဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများကိုလည်း ၎င်းက ညွှန်ကြားထားသည်။

ဘင်္ဂါလီ ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး အေနီဖာအေမန်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့သည် နေပြည်တော်တွင် မြန်မာ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ဆွေးနွေးနေပြီး အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ယင်းကိစ္စအတွက် မြန်မာ့အာဏာပိုင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

 မြန်မာနိုင်ငံ အနေဖြင့်မူ လှေစီးဒုက္ခသည်များ ကိစ္စအတွက် ပြစ်တင်ခံရမှုများကို ငြင်းဆိုထားပြီး မေလ ၂၀ ရက်တွင်ကျင်းပသည့် အာဆီယံ ဒေသဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံ တစ်ခုသို့လည်း တက်ရောက်ခဲ့ခြင်း မရှိချေ။ အဆိုပါ ညီလာခံတွင် ဘဂါင်္လီများအတွက် ယာယီနေထိုင်ခွင့် ကိစ္စနှင့် လှေများကို နောက်ကြောင်းပြန်လှည့်စေမှုများ ထပ်မံမဖြစ်ပွားစေရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။




--

No comments:

Post a Comment