ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) တွင် ကျင်းပခဲ့သည့် မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲ မြင်ကွင်းတချို့
အရှင်ပညာဇောတ (ဒေလီ)
၂၅၊ ၃၊ ၂၀၁၁
တလောက မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ ပွဲပါ။
ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င်တက်တာပဲဆိုပါတော့။ ကြံကြံ ဖန်ဖန် ကြေငြာထားတဲ့ ပိုစတာလေး တခုတွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ခေါင်းဆောင်တွေ မနဲမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။
အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန်နားက ပန်းခြံတခုမှာ အော်ကြဟစ်ကြတာလောက် သိပြီး တတိယနိုင်ငံ ကူးဖို့လုပ်နေတဲ့ လူတချို့စီမှာတော့ တွေ့နေ ရပြန်ရော။ ဖိတ်စာ မရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်း ကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်းတွေ ပေးနေတာတွေ သိနေတော့ ဧရာမ နိုင်ငံရေး မှောင်ခိုဂိုဏ်းကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ ဆန္ဒတော့ ပြောမှာ မဟုတ်ဘူး၊ စစ်တပ်ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။
အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာ စစ်အာဏာရှင်တွေကို အထီးကျန်မထားဖို့၊ လက်တွဲခေါ်ဖို့တွေ၊ ဆန်ရှင်ဖြုတ်ဖို့တွေ အတောမသတ် ပြောနေတော့တာပါ။ အိန္ဒိယက ပညာရှင်တွေအကုန်လုံး တီးလုံးတိုက် ညှိထားတဲ့အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသမီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဂတိတရားလေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၀တ္ထုထဲက ဇာတ်လမ်း တခုကြောင်း ပြောပါတယ်။ထိုင်းဘက်က မခင်ဥမ္မာကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အကြောင်းတွေ သူလက်ရှိလုပ်နေတာတွေ ပြောပါတယ်။ တော်တော်နားထောင်လို့ ကောင်းပါတယ်။ အားလည်းတက်မိပါတယ်။ ခဏနေတော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။
အဲဒီမှာ တကယ့်ကို အကျိုးနည်းတွေ ပြောတော့တာပါပဲ။ ဒီလူတွေ ဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။ အကြောင်း ကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရ ခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင် အမြန်အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံကလူတွေ စစ်တပ်နဲ့ပေါင်းဖို့ ပြောတာတွေကို ခင်များတို့ စစ်တပ်လုပ်နေတာတွေ နားမလည်လို့ မှားမှားယွင်းယွင်းတွေ ပြောနေတာဆိုတာကို အတိုက်ခံ လုပ်နေပါတယ်ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမားဖြစ်နေလို့ ဒေါနဲ့မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။
မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်းကတော့ အာဘောင် အာရင်း သန်သန်နဲ့ ကုလား ပညာရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူးလုပ်တဲ့ အမျိုးသမီး ကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့လူတော နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင်ပြန်လို့။ အမျိုးသမီး တယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ်နေတာကိုး ချွေးပြန်တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက်နှစ်ယောက်က ၀င်ထောက်လိုက်တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေဆိုတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေပိုင်း သတင်းနားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။
မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေးဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီးသီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံထွက်လိမ့်အုန်းမယ်။ နောက်ရက် တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆို ဘာမှ မဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။
ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာမရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့ အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါတယ်တဲ့ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီးကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။
ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော်ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုပဲ လိမ်ညာပြီး အမှားကို ပြောပြီး နာမည်ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှ မပြောပဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမအမျိုးစားကတော့ အိန္ဒိယနိုင်ငံက အမတြာဆင်းတို့လို လူမျိုး တွေပါ။ ဒုတိယအမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကို ပြောပြီး မဟုတ်မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုး ကတော့ ဖေ့ဘုတ်တွေမှာ ဘာမှမပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာပညာရှင်ကြီးတွေပါ။
အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်များတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်း ထုတ်ပါ တော့တယ်။ ကျနော်တို့ကတော့ ဘယ်လောက် ငတ်ငတ် ပြတ်ပြတ် ဒေါ်စုနောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။
ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေ၀င်းမောင်တို့၊ ဒေါက်တာခင်ဇော်ဝင်းတို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာတော့တယ်။ ဦးဇင်းလည်း အခုလိုပြောလာတော့ တခုပြောချင်ပါတယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့ အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။
NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ်လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ်လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ်သူတွေကို မလိုချင်တော့ပါဘူး။
လက်ရှိ စစ်အာဏာရှင်တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို အကူညီမပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာရှာတယ်၊ ကူညီခွင့်မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန်နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလိုမရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။
အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ် ချင်နေပြီ။ စစ်တပ်ရဲ့ လွတ်တော်ထဲမှာ ၀င်ပလူးချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာသာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ပွဲပါ။ မြန်မာ အတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင် တာပါ။
မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေးသမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မလိမ့်တပတ် ၀င်ကစားတဲ့အီးယူနဲ့အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာပြည်သူတွေက မြင်တတ်ပါတယ်။
မြန်မာစကားပုံမှာ အပွေးမြင် အပင်သိဆိုသလို လယ်ပြင်ဆင်သွား အထင်အရှားမြင်ပါတယ်၊ စကားတခွန်းဟလိုက်တာနဲ့ အူဘယ် နှစ်ခွေ ရှိတယ်ဆိုတာသိတယ်၊ ဗမာစကားပုံတွေကိုကြည့်ရင်ာ မြန်မာတွေဟာ ရှေးအစဉ်လာ ကတည်းက အသိဉာဏ်ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူးဆိုတာ လုပ်စားနိုင်ငံရေး သမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက်ချင်ပါတယ်။