တိုင်းကြီး ပြည်ကြီးသား (မြင့်သန်း)
Posted by တေဇာ (လရောင်လမ်း)
http://www.desicomments.com |
ခရီးသွားတာ များလာတော့ ခေတ်မီတယ်ဆိုတာနဲ့ တိုင်းကြီး ပြည်ကြီးသား ဆန်တယ်ဆိုတာ ကွဲပြားတာ တွေ့လာရတယ်။ ခေတ်မီတယ် ဆိုတာကတော့ သိပ်ရှင်းပြစရာ လိုမယ် မထင်ဘူး။ လွယ်လွယ်ပြောရရင် ခေတ်ကာလရဲ့ ဖြစ်ပျက်နေတာတွေကို သိတယ်။ ဥပမာ၊ ခေတ်ပေါ်အဝတ်အစား၊ ခေတ်ပေါ်အသုံးအဆောင် စတာတွေ သုံးတယ်။ ဝတ်တယ်။ ရော်နယ်ဒိုကို သိတယ်။ အီရတ်မှာ ဘာဖြစ်သလဲ သိတယ်။ ပျော်ပွဲစားရုံမှာ တပတ်သုံးခါ ညစာစားနိုင်တယ်။ ဒါပေတဲ့ ဒီလိုသိတိုင်း၊ လုပ်နိုင်တိုင်း တိုင်းကြီးပြည်ကြီးသား ဖြစ်မလာနိုင်သေးဘူး။
တိုင်းကြီးပြည်ကြီးသားတွေရဲ့ အပြုအမူဟာ သိမှု အထိန်းအကြောင်းခံ အပြုအမူတွေ များတယ်။ ဆိုလိုတာက သူ့ရဲ့ တာဝန်ရှိမှုဟာ ယဉ်ကျေးခြင်းပုံစံတွေနဲ့ အတူ တွဲပါနေတယ်ဆိုတာကို လက်ခံထားတယ်။ အဲဒီလို လက်ခံထားလို့ သူ့မှာ အလေ့အကျင့် ဖြစ်နေတယ်။ အပြုအမူတွေမှာ သီးခြားဟန်လုပ် လုပ်ရတာမျိုး မရှိတော့ဘူး။ ကျွန်တော် ဥပမာလေးတစ်ခု ပေးပါရစေ။ အဲဒီအဖြစ်အပျက်ကလေးက အသိတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ သူ့ နိုင်ငံတစ်ခုကို ရောက်တယ်။ ရောက်တော့ သူ့မိတ်ဆွေဟောင်း တစ်ယောက် နှစ်ယောက်ကို ဖုန်းဆက်ပြီး အရက်သောက်ဖို့ ဖိတ်တယ်။ နှစ်ယောက်စလုံးက လာမယ်ပြောပြီး တစ်ယောက်ပဲ ပေါ်လာတယ်။ သူတို့နှစ်ယောက်လည်း ကျန်တစ်ယောက်ကို စောင့်တယ်။ အတော်ကြီးမိုးချုပ်တော့ အဲဒီလူအိမ် လိုက်သွားကြတယ်။ ဟိုရောက်တော့ အဲဒီလူက ကျွန်တော်လည်း လာရမှာ အဆင်မပြေလို့ မလာတော့ဘူး ပြောသတဲ့။ ခင်ဗျားမှာ တယ်လီဖုန်း ရှိသားပဲ။ မလာနိုင်တဲ့ အကြောင်း ဖုန်းဆက်လိုက်ပါလား ဆိုတော့ အဲဒီလူက ကျွန်တော် မလာလည်း ခင်ဗျားတို့ဘာသာ သောက်ပြီး ပြန်ကြမှာပဲလို့ ထင်လို့ လို့ ပြောသတဲ့။
အဲဒီ အဖြစ်အပျက်မှာ ပြန်ကြည့်ရင် မလာဖြစ်တဲ့ လူပေးတဲ့ ဆင်ခြေ ကျွန်တော်လည်း လာရမှာ အဆင်မပြေလို့ မလာတော့ဘူးဆိုတာက သူ့အခွင့်အရေးပဲ။ ဆင်ခြေပေးနိုင်တာဟာ လူတိုင်းရဲ့ အခွင့်အရေးပဲ။ ဘယ်သူမှ ဘာမျှ မပြောနိုင်ဘူး။ ဒါပေတဲ့ သူ မလာဖြစ်တဲ့ အကြောင်းကို အကြောင်းမကြားတာက တာဝန်ရှိမှုအပိုင်းကို ထည့်မစဉ်းစားတာ။ နေ့စဉ်ဘဝဆိုင်ရာ ယဉ်ကျေးမှု၊ ယဉ်ကျေးခြင်းတွေ( အပြုအမူတွေ) အထဲမှာ တာဝန်ရှိမှု ပါနေတယ်ဆိုတာ ထည့်မစဉ်းစားတာ။ (မသိတာလည်း ဖြစ်ချင် ဖြစ်မယ်။) မသိလို့ မစဉ်းစားတာ ဖြစ်ဖြစ်၊ သိလျက်နဲ့ ထည့်မစဉ်းစားတာ ဖြစ်ဖြစ် အဲဒီ အပြုအမူမျိုးဟာ တိုင်းကြီး ပြည်ကြီးသား မဆန်တဲ့ အပြုအမူပဲ။ အလေ့အကျင့် မရှိလို့၊ သတိမထားလိုက်မိလို့ ဆိုတဲ့ ဆင်ခြေပေးလာခဲ့ရင်လည်း တိုင်းကြီးပြည်ကြီးသား မဆန်ဘူးလို့ပဲ ပြောရလိမ့်မယ်။ အဓိက ဆိုလိုချင်တာက လူတစ်ဦးတစ်ယောက်ဆိုပြီး ဖြစ်ရှိနေခြင်းအထဲမှာ ရှိနေတဲ့ တာဝန်ရှိမှုဆိုတာကို မသိကျိုးကျွန်ပြုထားသရွေ့ တိုင်းကြီး ပြည်ကြီးသား မဖြစ်နိုင်သေးဘူး။
တစ်ခါက မင်္ဂလာဆောင်ပွဲ တစ်ခုကို ကျွန်တော် သွားတယ်။ မင်္ဂလာဆောင်ပွဲက မင်္ဂလာအခမ်းအနားနဲ့ ဧည့်ခံပွဲ တွဲပြီးလုပ်တာ။ အဲဒီမှာ လူလတ်ပိုင်းတချို့က ရင်ဘတ်ဟပြဲနဲ့။ အင်္ကျီအအကွက်နဲ့။ တစ်ယောက် နှစ်ယောက်က တီရှပ်နဲ့။ ဘေးနားက အမျိုးသမီးကြီး အပြောအရ သိရတာကတော့ အဲဒီလူသိုက်က သဘင်သည်၊ သီချင်းသည်တွေပဲ တဲ့။ ဒီတော့ သူများထက် ထူးအောင် ဝတ်လာကြတာ ဖြစ်ကောင်း ဖြစ်မယ်။ ကျွန်တော့်အမြင်တော့ သူတို့ရဲ့ ကာလပေါ် သာမန်ဖွံ့ဖြိုးမှု အနေအထား (ဖက်ရှင်လို့ ခေါ်ချင်ခေါ်ပါ) ဖြစ်ကောင်းဖြစ်မယ်။ သဘင်သည်၊ င်္သီချင်းသည်တွေချည်း စည်းမရှိ၊ ဝါးမရှိ လုပ်တဲ့ ဧည့်ခံပွဲ သက်သက်ဆိုရင်တော့ မထောင်းမတာ ရှိတယ်။ တချို့သာမန် ဧည့်ခံပွဲမှာတောင် လွတ်လွတ်လပ်လပ် ပျော်ရ ပါးရအောင် ဘာဝတ်ရမယ် ဆိုတဲ့ နေရာမှာ Casual ဒါမှ မဟုတ်ရင် National Dress လို့ ရေးထားကြတယ်။ ဒါပေမယ့် အခမ်းအနားကျတော့ တစ်မျိုး၊။ အခမ်းအနားမှာ ဖိတ်ကြားသူနဲ့ ဖိတ်ကြားခံရသူအကြား ရေးသားပြီး သတ်မှတ်မထားတဲ့ စည်းတွေ ရှိတယ်။ ဖိတ်ကြားခံရလို့ အခမ်းအနားကို တက်ရောက်လာတဲ့ လူဟာ ဖိတ်ကြားသူနဲ့ အခမ်းအနားကိုတော့ တန်ဖိုးထားဖို့ လိုလိမ့်မယ်။ ဖိတ်တဲ့သူက အင်မတန်ရင်းတဲ့ သူငယ.်ချင်းမို့ ဒီကောင့်ကို ဘာဂရုစိုက်ရပါမလဲ လို့ သဘောထားချင်ရင်ထား။ ဒါပေတဲ့ သူက ဖိတ်ကြားတဲ့ အတွက် သူနဲ့ သူ့အခမ်းအနားအပြင် သူ့ရဲ့ တခြားဧည့်သည်တွေရဲ့ ရှိနေခြင်းကို အသိအမှတ် ပြုရလိမ့်မယ်။ ဝတ်ချင်သလို ဝတ်ပြီး သွားလို့ မဖြစ်ဘူး။ အဲဒီလို ဝတ်သွားလို့ လူကြားထဲမှာ လူအကြည့်ခံရတဲ့အတွက် ပေါ်ပြူလာ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် အဲဒီပွဲက ကိုယ့်ပွဲ မဟုတ်ဘူး။ အမြတ်သွားထုတ်လို့ မရဘူး။ ဖိတ်ကြားတဲ့ လူရဲ့ သိက္ခာ၊ ဂုဏ်ရည် စတာတွေ အပြင် (ရှေ့မှာ ရေးခဲ့တဲ့) ကိုယ့်ကို ဖိတ်ကြားတဲ့ အတွက် တန်ဖိုးထားတဲ့ အနေနဲ့ အခမ်းအနားနဲ့ လိုက်လျော ညီထွေ ဝတ်စားဖို့တော့ လိုတယ်။
ဒီတော့ တိုင်းကြီး ပြည်ကြီးသား ဖြစ်တယ် ဆိုတာက သိမှုအခြေခံ နားလည်မှု မပါဘဲ မဖြစ်နိုင်ဘူး။ ဗဆာချီ အင်္ကျီ ဝတ်နိုင်ရုံနဲ့ ကောင်းဘွိုင်ဦးထုပ် ဆောင်းပြရုံနဲ့ မဖြစ်နိုင်ဘူး။ အင်္ဂလိပ်စကား။ ပြင်သစ်စကား ပြောနိုင်ရုံနဲ့ မဖြစ်နိုင်ဘူး။ ကွန်ပျူတာ နှိပ်တတ်ရုံနဲ့ မပြီးဘူး။ ကိုယ့်မှာ တည်နေတဲ့ တာဝန် ရှိနေမှုကို သိဖို့ လိုတယ်။. အဲဒီအသိ အလေ့အကျင့် ဖြစ်လာပြီး နေ့စဉ် ဘဝရဲ့ အစိတ်အပိုင်း ဖြစ်လာဖို့ လိုတယ်။ အခု ဖွံ့ဖြိုးစ နိုင်ငံတွေမှာ အတော်ကို သတိထားလာကြတယ်။ တိုင်းကြီး ပြည်ကြီးသား ဖြစ်ဖို့ ဆိုတာက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မဟုတ်ဘူး ( မလိုအပ်ဘူး လို့ မဆိုလိုဘူး)။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက အပံ့အပိုင်းလောက်သာ ပေးနိုင်တယ်။ ဥပမာ တိုင်းကြီး ပြည်ကြီးသားများ ဒီလို ဝတ်တယ်။ ဒီလိုစားတယ် ဆိုတာက သာမန်အကြောင်းရပ် တစ်ခုကို သိစရာ အနေနဲ့ လက်ခံလိုက်တာ။ အဲဒီနောက်မှာ အရေးပါနေတာက ဘာလို့ အဲဒီလို ဝတ်တယ်၊ စားတယ် ဆိုတာပဲ။ ဒီနေရာမှာ သိမှုရဲ့ အရေးပါမှုကို ထပ်ပြီး ရေးချင်ပါသေးတယ်။
တစ်ခါက သုတေသန စာတမ်းတစ်ခုမှာ နေ့စဉ်ဘဝ အခြေခံ ယဉ်ကျေးမှု (အစဉ်အလာ ယဉ်ကျေးမှု မဟုတ်ပါ) မြင့်သူနဲ့ နိမ့်သူတွေ အကြားက ကွာခြားချက်တွေကို တင်ပြထားတာ ဖတ်ခဲ့ရဖူးပါတယ်။ အဲဒီမှာ မှားခြင်းနဲ့ မှန်ခြင်းကို လက်ခံပုံ ဆိုတာ ပါတယ်။ လူအဖွဲ့အစည်းဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ စံတွေထဲက မှားယွင်းမှု၊ မှန်ကန်မှု တစ်ခုခုကို ကြုံတွေ့ရတဲ့ အခါ မြင့်သူတွေက သိသိသာသာ လက်ခံခြင်း၊ ငြင်းဆိုခြင်းပြုတယ်။ နိမ့်သူတွေက သိပ် အသိအမှတ်မပြုဘူး လို့ ဆိုထားတယ်။ ဆိုလိုတာက နေ့စဉ်ဘဝ အခြေခံယဉ်ကျေးမှု မြင့်သူတွေအနေနဲ့ မှန်တာ (ကောင်းတာ) တစ်ခုခုကို တွေ့ရင် မှန်ကြောင်း (ကောင်းကြောင်း) ထောက်ခံပြောဆို (ဖော်ထုတ်) ကြပြီး၊ မှားတာ (မကောင်းတာ) ကို မှားကြောင်း၊ မကောင်းကြောင်း ဖော်ထုတ်တင်ပြရဲကြားကြောင်း တင်ပြထားတယ်။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။
မှားတာကို မှားတယ်လို့ ပြောတယ် ဆိုတာဟာ တာဝန်ရှိခြင်းကို သိမှုပဲ။ ဥပမာ ကဗျာတစ်ပုဒ် စာတစ်ပုဒ် အကြောင်း ဝေဖန်သလိုလို အကဲဖြတ်သလိုလိုနဲ့ အမှားတွေ တောရေး တောင်ရေး ရေးတာမျိုးကို ဖတ်ရတဲ့ အခါ မှားကြောင်း မသိတဲ့ လူအနေနဲ့ ဘာမျှ တာဝန် မရှိဘူး။ ဒါပေတဲ့ မှားကြောင်း သိပေတဲ့ မှားနေကြောင်း ထုတ်ဖော် မပြခဲ့ရင် မှားကြောင်း သိတဲ့ လူဟာ တာဝန် ပျက်ကွက်တာပဲ။ မှားကြောင်း ဆိုတဲ့ နေရာမှာလည်း သတိရှိဖို့ လိုတာက ပုဂ္ဂလိက စံတစုံတရာနဲ့ပဲ တိုင်းတာကြည့်ထားတာမျိုး မဟုတ်ဘူး။ လူ့အဖွဲ့အစည်း၊ ပညာရပ်ဆိုင်ရာ ယဉ်ကျေးမှု၊ စတဲ့ စံတွေနဲ့ တိုင်းဖို့လည်း လိုတယ်။ စနစ်တစ်ခုခု ထဲ ဆင်ခြေ သုံးပြီး အထောက်အထားပြနိုင်ဖို့ လိုတယ်။ ဆိုလိုတာက မှားတယ် ဆိုတာကို ထောက်ထောက်ထားထားနဲ့ သိပြီးမှ ပြောဖို့ပဲ။ အထင်နဲ့ ငလျင် လှုပ်ပြလို့ မရဘူး။ မှားနေတာကို မှားနေတယ် လို့ မပြောရင် တာဝန် ပျက်ကွက်တာပဲ။ ဒီနေရာမှာ သုတေသန စာတမ်းအရ ရေးရရင် နေ့စဉ် ဘဝအခြေခံ ယဉ်ကျေးမှု မြင့်သူနဲ့ နိမ့်သူ အကြားက အဓိက ကွာခြား သွားတဲ့ အချက်က တော့ မှားတာကို မှားတာပဲ လို့ မပြောမိရင် မြင့်သူတွေ အနေနဲ့ ကိုယ့်လိပ်ပြာကိုယ် မလုံမလဲ ဖြစ်နေတတ်ကြပြီး၊ နိမ့်သူတွေ အနေနဲ့ ဘာမျှ မလုံမလဲ ဖြစ်နေစရာ မလိုဘဲ နေနိုင်ကြတာပဲ။. အကြောင်းကတော့ တာဝန် ရှိမှု၊ မရှိမှုကို လက်ခံထားပုံ မတူလို့ပဲလို့ ဆိုတယ်။ (တကယ်တော့ ကျွန်တော်တို့ရဲ့ အစဉ်အလာ ယဉ်ကျေးမှု ဘောင်အထဲမှာ "မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ်..." ဆိုတာတွေ ရှိပြီးသားပဲ။ မကောင်းတာလည်း မတားကြဘူး။ ကောင်းတာလည်း မညွှန်းချင်ကြဘူး။ ခက်နေတာက အဲဒါပဲ။)
ဒိပြင် ကနေ့ကာလ (ပို့စမော်ဒန်ကာလို့ ခေါ်ချင် ခေါ်ပါ) မှာ ဘယ်သူက ဘာပြောတယ် ဆိုတဲ့ ကိစ္စက အရေးကြီးလာပြန်တယ်။ ဒါကလည်း တာဝန် ရှိမှု၊ တာဝန်သိမှု အပိုင်းတွေရဲ့ အရေးပါမှုပဲ။ ဆိုကြပါစို့၊ သွားရောဂါ အထူးကု ဆရာဝန်ကြီး ပြောတဲ့ သွားရောဂါအကြောင်းနဲ့ သွားကိုက်နေတဲ့ ကုန်ခြောက်ရောင်းတဲ့သူ ပြောတဲ့ သွားကိုက်တဲ့ အကြောင်းဟာ အရေးပါမှု မတူဘူး။ ဆရာဝန်ကြီးပြောတာက ပညာရပ်ဆိုင်ရာ။ ကုန်ခြောက်သည် ပြောတာက သူခံစားနေရတဲ့ ဝေဒနာ။ ပညာရပ်အနေနဲ့ ပြောရရင် ဆရာဝန်ကြီးပြောတဲ့ ပညာရပ်ဆိုင်ရာ လေးနက်မှု အတိုင်းအတာကို ကုန်ခြောက်သည်ပြောတဲ့ ဝေဒနာနဲ့ သွားယှဉ်လို့ မရဘူး။ သူ့ဝေဒနာကို ဖော်ထုတ် တင်ပြထားတာဟာ ပညာရပ်ဆိုင်ရာ ဖော်ထုတ်မှု မဟုတ်ဘူး။ ဒီတော့လည်း ဘေးလူ အနေနဲ့ နားလည်ဖို့က ဘယ်သူ ပြောတာ ဘာပဲ ဆိုတာ နားရှင်းဖို့ လိုတယ်။ ဒီလိုမှ နားမရှင်းဘဲ ကုန်ခြောက်သည် ပြောတဲ့ သွားကိုက်တဲ့ အကြောင်းကို ဆရာဝန်ကြီး ပြောတဲ့ သွားရောဂါနဲ့ ရောထွေးပစ်လိုက်ရင် သိမှု အခြေခံ ဝေဝါးမှုတွေပဲ ဖြစ်လာမှာပဲ။ ဒီလို ဖြစ်လာတာနဲ့ တာဝန် ရှိမှု အပိုင်းဟာ နေရင်း ထိုင်ရင်း ပျောက်ဆုံးသွားမယ်။ ဆိုလိုတာက သိမှု အခြေခံ ဝေဝါးသွားတာဟာ နေ့စဉ် ဘဝအခြေခံယဉ်ကျေးမှုတွေကို နားလည်ရာမှာ မပီပြင်တော့ဘူး။ ခပ်လွယ်လွယ်ရေးရရင်တော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒီနေရာမှာ တိုင်းကြီး ပြည်ကြီးသားတို့ရဲ့ အနေအထားကို ပြန်ဆွေးနွေးရရင် တိုင်းကြီး ပြည်ကြီးသားများဟာ သူတို့ရဲ့ အတိုင်းအတာကို သိတယ်။ ဘာလုပ်ရမယ် ဆိုတာကို သိတဲ့ အတွက် (တစ်နည်း ဆိုရရင် ဘာမလုပ်ရဘူး ဆိုတာ သိတယ်။)
ဒီမှာ မှားခြင်း- မှန်ခြင်း- တာဝန်ရှိခြင်းတို့နဲ့ စပ်လျဉ်းပြီး သက်ရှိ ထင်ရှား လူပုဂ္ဂိုလ်တစ်ဦးနဲ့ နမူနာ ပြပါရစေ။ ကျွန်တော်တို့ ကျောင်းသားဘဝထဲက ကနေ့အထိ "ဆရာမှားရင်လည်း ပြော၊ ဒါမှ ဆရာမှားမှန်း သိမှာ" လို့ စကားခံပြီး ပြောလေ့ ရှိတဲ့ ဒဿနိက ဗေဒဋ္ဌာနရဲ့ ပါမောက္ခဟောင်း အငြိမ်းစား သံအမတ်ကြီး ဒေါက်တာ ခင်မောင်ဝင်းပဲ။ ဒီနေရာမှာ နှိမ့်ချတာ၊ ယဉ်ကျေးတာစတဲ့ အချက်တွေကို ဦးစားပေးပြောချင် ပြောနိုင်ပေတဲ့ အဓိကကတော့ ဆရာကြီးရဲ့ ဘဝအတွေ့အကြုံများနဲ့ နေ့စဉ်ဘဝအခြေခံ ယဉ်ကျေးမှုတို့အပေါ် သိထားတဲ့ သိမှုအခြေခံပဲ။ ဘဝအတွေ့အကြုံမှာ ဆရာကြီးဟာ ငယ်စဉ်ကတည်းက တိုင်းကြီး ပြည်ကြီးသားတွေရဲ့ ပညာရပ်ဆိုင်ရာ အဆောက်အအုံများမှာ သွားရောက် ဆည်းပူးလေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေ အပြင် သံကြီး တမန်ကြီး ဖြစ်ခဲ့ရတာတွေ ပါတယ်။ နေ့စဉ်ဘဝအခြေခံ ယဉ်ကျေးမှု အတွင်းမှာ လူရဲ့ ဖြစ်နေရခြင်း အတွင်းက မှန်နိုင်ခြင်း မှားနိုင်ခြင်းတို့ရဲ့ ဒွန်တွဲ တည်ရှိနေမှုကို လက်ခံထားတာပဲ။ လူတစ်ဦး တယောက်ရဲ့ မှားနိုင်ခြင်း (မှားနိုင်တဲ့ အလားအလာ ရှိမှု) ကို လက်ခံထားတာဟာ တာဝန်ရှိမှု တစ်ရပ်ကို လက်ခံထားတာပဲ။ မှားနေတဲ့ ဖြစ်ရပ် ဖြစ်ခြေတစ်ခုကိုလည်း လူမှုရေးစံ၊ ပညာရပ်ဆိုင်ရာစံတွေနဲ့ ယှဉ်တွဲပြီး ရှင်းပြတတ်တယ်။ တစ်ခုတော့ ဆိုစရာ ရှိတယ်။ သံကြီး တမန်ကြီးဘဝက လာခဲ့တဲ့ အတွက် ပညာရှင် တစ်ဦးလို အားကောင်းမောင်းသန် မငြင်ဘူး။ တဲ့ထိုး မပြော။ ဆီပွတ်ကျည်ပွေ့ ဆိုတတ်တယ်။ ဘယ်လို ပြောပြော မှားခြင်း မှန်ခြင်းကို သိပြီး ၊ သိခြင်းကို ပြန်ပြီး ဖော်ထုတ်တာဟာ တိုင်းကြီး ပြည်ကြီးသားတို့ရဲ့ လက္ခဏာ တစ်ရပ်ပဲ။
ဒီနေရာမှာ ဆင်ခြင်တုံတရား အခြေခံတဲ့ လူ့အဖွဲ့အစည်းနဲ့ စိတ်လှုပ်ရှားမှု အခြေခံတဲ့ လူ့အဖွဲ့အစည်းရဲ့ ကွာခြားနေပုံကို နည်းနည်း ဆွေးနွေးဖို့ လိုလိမ့်မယ်။ ဆင်ခြင်တုံတရား အခြေခံတဲ့ လူ့အဖွဲ့အစည်းမှာ မှားခြင်း/ မှန်ခြင်း၊ ကောင်းခြင်း / ဆိုးခြင်းဟာ ဆင်ခြေ၊ ဒါမှ မဟုတ် ဆင်ခြင်ခြင်းစနစ်ရဲ့ အတွင်းက ပေါ်လာတာ။ ငဖြူ၊ ငမဲ တို့ရဲ့ ဖြစ်ရှိနေခြင်းနဲ့ မဆိုင်ဘူး။ ဒါပေတဲ့ စိတ်လှုပ်ရှားမှု အခြေခံတဲ့ လူ့အဖွဲ့အစည်းမှာ လူရဲ့ ဖြစ်ရှိနေခြင်း၊ အနေအထား စတာတွေနဲ့ ဆိုတယ်။ ဒီတော့လည်း မှန်ခြင်း/ မှားခြင်း၊ ကောင်းခြင်း/ ဆိုးခြင်းကို ယတိပြတ် အသိအမှတ်ပြုဖို့ လေးစရာတွေ ပေါ်လာတတ်တယ်။ ဒီလို ပေါ်လာတဲ့ အခါ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ဆက်ဆံရေး ချောမောစေဖို့ ကြားနေ အနေအထားတစ်ခု ပေါ်လာတယ်။ မြန်မာလို နီးနီးစပ်စပ်ဆိုရရင်တော့ အားနာတယ် ဆိုတာပဲ.။ မှန်တာကို/ မှားတာကို ပြောမထွက် ( အသိအမှတ် မပြုရဲ) တဲ့ အားနာလို့ ဆိုပြီး ဆင်ခြေ ပေးတတ်ကြတယ်။ ဒါပေတဲ့ အားနာတာဟာ ခိုင်လုံတဲ့ ဆင်ခြေ မဟုတ်ဘူး။ စိတ်လှုပ်ရှားမှု(ခံစားချက် တစ်စုံတစ်ခု) အရ ဖော်ထုတ်လိုက်တဲ့ အနေအထားပဲ။ တစ်ဦးတစ်ယောက်ကို ညာယုံတင် မကဘူး၊ ကိုယ့်ကိုယ်ကိုပါ ညာလိုက်တာပဲ။ ဆိုလိုတာက မဟုတ်မှန်း မှားမှန်း သိပေတဲ့.အားနာလို့ ထုတ်မပြောလိုက်ဘူး ဆိုတာက သူ့အမှားကို ကိုယ်က လက်မခံသည့်တိုင် မှန်နေသယောင် ကိုယ်က လက်ခံတာပဲ။ ဒီပြင် သူ့ကို အသိမပေးတဲ့ အတွက် သူ့ကို ဆက်မှားခွင့် ပေးလိုက်တာပဲ။
ဒီတော့ ခြုံငုံဆိုရရင် တိုင်းကြီးပြည်ကြီးသား ဆိုတာက ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာမှာ အခြေခံမနေဘူး။ သိမှုအတိုင်းအတာ ဖွံ့ဖြိုးမှုပေါ်မှာ အခြေခံတယ်။ ဆင်ခြင်တုံတရား၊ ဆင်ခြင်ခြင်း စနစ်တွေ သုံးစွဲတတ်ပုံတွေနဲ့ ဆိုင်တယ်။ ဒီဖွံ့ဖြိုးမှုကနေ နေ့စဉ်ဘဝဆိုင်ရာ အလေ့အကျင့်တွေ ဖြစ်လာပြီရမှာပဲ။ တန်ဖိုး ထားတတ်ဖို့ တာဝန်ကို သိဖို့ ဆိုတာတွေဟာ တိုင်းကြီး ပြည်ကြီးသားတွေရဲ့ အပြုအမူ တစ်ရပ်ပဲ ။ လူ့အဖွဲ့အစည်းထဲမှာ ကပ်ဖဲ့ရပ်ဖဲ့ လုပ်ပြနေရုံ၊ ကဏ္ဍကောစတွေချည်း လုပ်ပြနေရုံနဲ့ တိုင်းကြီး ပြည်ကြီးသားရဲ့ အပြုအမူတစ်ရပ် ဖြစ်မလာနိုင်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းတို့၊ အယ်ဇေးလ်ရှင်းတို့ အော်ချင်ရာ လျှောက်အော်နေလို့ တိုင်းကြီး ပြည်ကြီးသား ဖြစ်မလာနိုင်သေးဘူး။ ဂျင်းဘောင်းဘီတို့၊ နိုက်ကေးဖိနပ်တို့ ဝတ်ပြီး ဘယ်ကောင့်ကို ဂရုစိုက်ရမှာတုန်း၊ သေလောက်အောင် မှားမှား၊ ငါနဲ့ မဆိုင်ဘူး လို့ သဘောထားနေနိုင်သရွေ့ တိုင်းကြီး ပြည်ကြီးသား မဖြစ်နိုင်သေးဘူး။ မျောက်လောင်း၊ မျောက်လောင်းပဲ ဖြစ်နေတော့မှာ။

မြင့်သန်း
ချင်းတွင်း၊ အမှတ် ၅၊ မေလ၊ ၂၀၀၆
http://www.themoonlitpath.net/2011/03/blog-post_21.html
ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးလို
ရေးသူ- သခင်ဘမောင်
၁၉၄၅ ခုနှစ်တွင် မြန်မာပြည်သူတို့သည် ဂျပန်ဖက်ဆစ် စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီး နောက် ၁၉၄၂ ခုနှစ်က မိမိတို့ တိုက်ထုတ်ခဲ့သော အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ပြန်လည်ရင်ဆိုင် ကြရပြန်သည်။အင်္ဂလိပ်နယ်ချဲ့အစိုးရတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ ယခင်က အင်္ဂလိပ်အစိုးရအပေါ် ဆန့်ကျင်ခဲ့ကြသော တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်များ သဘောထားကြီးကြောင်း၊ သစ္စာရှိကြောင်း၊ ပုဂ္ဂိုလ်အနေအားဖြင့် အင်္ဂလိပ် နန်းရင်းဝန်ကြီး မစ္စတာအက်တလီသည် မြန်မာပြည်သူတို့အပေါ် စေတနာကောင်းထားသူ ဖြစ်ကြောင်း၊ ဆာစတက်ဖို့ကရစ် ဆိုသူက မြန်မာပြည်သူတို့ကို ခင်မင်မြတ်နိုးသူ ဖြစ်ကြောင်း၊ မစ္စတာဖာနီဗယ်ကြီးက မြန်မာတို့အတွက် ဘောဂဗေဒပညာ ပေးခဲ့ကြောင်း စသဖြင့် အင်္ဂလိပ်ချီးကျူးခန်း ဖွင့်ကြသည်။
ယင်းကဲ့သို့ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်ချီးကျူးခန်းဖွင့်နေကြသည်ကို ကြားသိရသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အောက်ပါအတိုင်း မိန့်ကြားခဲ့ဘူးပါသည်။
ဘဲနဲ့လဲကွဲ့ မင်းသခင်ခေါင်းဆောင်အချို့က အင်္ဂလိပ် နယ်ချဲ့ကောင်တွေကို သိပ်ချီးကျူး နေပါကလား။ ဒီကောင် ခွေးမသားတွေက ဟိုတုန်းက အင်္ဂလိပ်နယ်ချဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး အခုတော့ သိပ်သဘောကျနေကြပြီထင်တယ်။ ဒီကောင် တွေက ဆရာတို့ ငယ်ငယ်တုန်းက ကြားဘူးတဲ့ ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးနဲ့ တူနေတယ်ဟု မိန့်ကြားပါသည်။
ထိုအခါ ကျွန်တော်တို့က ဘယ်လိုလဲဆရာ အမိန့်ရှိပါအုံးဟု မေးကြသဖြင့် ဆရာကြီးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
ဆရာတို့ ငယ်ငယ်တုန်းက မန္တလေးမြို့မှာ ကြွယ်ကြီးရုပ်သေးဆိုတာ ရှိတယ်။ ကြွယ်ကြီး ဆိုတာက ရုပ်သေးမင်းသားရဲ့ အမည်။ သူ့အမည်ကို အစွဲပြုပြီး သူပါဝင်တဲ့ ရုပ်သေးအဖွဲ့ကို ကြွယ်ကြီးရုပ်သေးလို့ ခေါ်ကြတယ်။
ကြွယ်ကြီးရုပ်သေးဟာ မန္တလေးမြို့ပေါ်နှင့်တကွ အညာအကြေတခွင်မှာတော့ အဲဒီ အချိန်က အကျော်ကြားဆုံး လူကြိုက်အများဆုံးပေါ့။ ကြွယ်ကြီးရုပ်သေး လူကြိုက်များတာ ကျော်ကြားတာကတော့ မင်းသား ကြွယ်ကြီး အသံကောင်း အဆိုကောင်းတဲ့ အတွက်ပါဘဲ။
ကြွယ်ကြီးရုပ်သေးကို ကြည့်ကြရာမှာလဲ အများစုက အမျိုးသမီးတွေ ဖြစ်ကြတယ်။ မောင်တို့ အခုခေတ် ဖိုးစိန်ကြီးကို အမျိုးသမီးတွေက အကြည့်များသလိုပေါ့။ မင်းသား ဦးဖိုးစိန် အရွယ်ကောင်းတုန်းအချိန်က ရန်ကုန်မှာ ကွမ်းသီးဖက်ဆေးပေါ့လိပ်ကလဲ တော်တော်ခေတ် စားတာကိုး။ အဲဒီတုန်းက ဦးဖိုးစိန်တို့ ဘယ်လောက်များ စန်းပွင့်သလဲဆိုရင် အချို့ အမျိုးသမီးတွေက ကွမ်းသီးဖက်ဆေးလိပ်ထဲ ရွှေင်္ဒဂါးထည့်ပေးကြဆို မဟုတ်လား၊ အဲဒီအထိ ဦးဖိုးစိန်တို့ ခေတ်စားခဲ့တာကလား။
ရုပ်သေးမင်းသား ကြွယ်ကြီးကိုလဲ ဇာတ်မင်းသား ဦးဖိုးစိန်လိုပဲ မိန်းမပိုင်းက အလွန်သဘောကျကြတယ်။ အဲဒီအထဲ မန္တလေးတရုပ်တန်းက တရုပ်သူဌေးမယား တရုပ်မကြီး တယောက်လဲ ပါတယ်။ မန္တလေးမြို့ပေါ်မှာ ကြွယ်ကြီးရုပ်သေး ဘယ်နေရာကက ကတဲ့နေရာ လိုက်ကြည့်တာဘဲတဲ့။ နောက်တော့ တရုပ်မကြီးဟာ ဘယ်လောက်များ စွဲလန်းသွားသလဲ ဆိုရင် မန္တလေးမြို့ပေါ်သာမဟုတ် ကြွယ်ကြီးရုပ်သေး ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုမြို့များမှာ ကတယ်ဆိုရင်လဲ ကားတစီးနဲ့ သတင်းမေးပြီး လိုက်ကြည့်သည်အထိ ဖြစ်ရသတဲ့။
အဲဒီလို မန္တလေးမြို့ပေါ်သာမက နယ်မြို့များအထိ လိုက်ပီး ကြည့်ပါများတော့ လင်ယောက်ျား တရုပ်သူဌေးကြီးက အစတော့ အေးအေးဆေးဆေး ပြောတယ်။ နောက် အေးအေးဆေးဆေး ပြောမရတော့ ဆူပူကြိမ်းမောင်းသည်အထိ ဖြစ်လာသတဲ့။ တရုပ် သူဌေးကြီးက ဆူပူကြိမ်းမောင်းခြင်း ပြုလာတဲ့အခါ တရုပ်မကြီးက ရှင်မကြည့်ဘူးသေးလို့ အခုလို ကျမကို ကြိမ်းမောင်း တားမြစ်နေတာ၊ ရှင်တခါကြည့်ဘူးရင် ကျမလို ခဏခဏ ကြည့်ချင်မှာဘဲလို့ ပြန်ပြောသတဲ့။
တရုပ်မကြီးက မကြခဏ ကြိမ်းမောင်းတိုင်း အခုလို ရှင်မကြည့်ဘူးသေးလို့ပါ ရှင်တခါကြည့်ဘူးရင် ကြွယ်ကြီးရုပ်သေးကို ခဏခဏကြည့်ချင်မှာ ကျမလိုဘဲ စွဲသွားမှာပေါ့လို့ ပြောပါများတော့ တရုပ်ကြီးက အေးနောက်တခါလိုက်ကြည့်မယ်လို့ သူ့မယားကို ပြောသတဲ့။
ရက်များမကြာခင် မန္တလေးမြို့တနေရာမှာ ကြွယ်ကြီးရုပ်သေးကတော့ တရုပ်မကြီးက ခပ်စောစောထဲက နေရာကောင်းကောင်း အယူခိုင်းလိုက်ပြီး ညကျတော့ သူ့ယောက်ျား တရုပ်သူဌေးကြီးကိုပါ ခေါ်သွားတယ်။ တရုပ်ကြီးကလဲ အေး ငါအခုလိုက်ကြည့်မယ် နင်ပြောသလို ဟုတ်ရင်ဟုတ် မဟုတ်ရင် နင်ဘယ်တော့မှ မကြည့်ရဘူးလို့ ပြောရင်း လိုက်သွား သတဲ့။
ရုပ်သေးပွဲရောက်ကြတော့ ထုံးစံအတိုင်း မျောက်၊ မြင်း၊ ဇော်ဂျီ၊ အပျိုတော်၊ ၀န်၊ ရှင်ဘုရင် စသည်တို့ အစီအစဉ်အတိုင်း ထွက်တာ ကြည့်ကြရတယ်။ အဲဒီနောက်တော့ မင်းသား မင်းသမီး ထွက်လာပြီး ကြွယ်ကြီးက နှစ်ပါးသွားသီချင်းတပုဒ် ကောက်ဆိုလိုက်ရင်ဘဲ ပရိသတ်ဟာ ချောင်းဟန့်သံတောင် မကြားရအောင် ငြိမ်သွားတယ်။ တရုပ်ကြီးလဲ စောစောကလို လှုပ်လှုပ်ရှားရှား မနေတော့ဘဲ ကြွယ်ကြီးသီချင်းသံကို စိုက်နားထောင်သတဲ့။ တရုပ်ကြီးဟာလဲ ဘာစကားမှ မပြောတော့ဘဲ သီချင်းသံကို နားထောင်ရင်း ထောင်ရင်းနဲ့ တဖြည်းဖြည်း ရှေ့တိုးသွားလိုက်တာ ကိုယ့်ဖျားပေါ်ကနေ အခြားသူရဲ့ ဖျာပေါ်တောင် ရောက်သွားသတဲ့။
အဲဒီတော့မှ သူ့ယောက်ျားအကဲကို ကြည့်နေတဲ့ တရုပ်မကြီးက အသာလက်တို့တဲ့ပြီး "ဘဲ့နဲ့လဲမောင်ရဲ့ သဘောမကျဘူးလား" လို့ မေးလိုက်တဲ့အခါ တရုပ်ကြီးက တရုပ်မကြီးဘက် ကို လှည့်တဲ့ပြီး "အေး ကြွယ်ကြီး ကို နင်တို့မိန်းမတွေ မပြောနဲ့ ငါတောင် သူ့မယားဖြစ်ချင်စိတ် ပေါက်လာပြီဟ" လို့ ပြောလိုက်သတဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သူ၏ပါးစပ်ကို လက်ဝါးဖြင့် ခပ်ကွယ်ကွယ်ပြုကာ ရယ်မောရင်း "အေး- တို့သခင်တွေဟာ အစကတော့ အင်္ဂလိပ်နယ်ချဲ့သမားကို မကြိုက်ခဲ့ကြဘူး၊ ဆရာနဲ့အတူ ရွာရိုးလျှောက်ပြီး အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးတရားတွေ လက်သီးလက်မောင်းတန်း ပြောခဲ့ ဟောခဲ့ ဆဲခဲ့ကြတာကလား။ ဒါပေမဲ့ အခု အင်္ဂလိပ်က ဖိတ်ပြီး ထမင်းကျွေးလိုက်၊ အရက်ကလေးတိုက်။ အာဏာပါဝါနံ့ကလေးပေးလိုက်ဆိုတော့ အချို့သခင်တွေဟာ ကြွယ်ကြီးကို ပေါက်ဖော်ကြီး ကြိုက်သလို ဖြစ်ကုန်ကြပထင်ပါရဲ့ ကွာ" ဟု ပြောကြားပါတော့သည်။
{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}
http://mayaonlinemagazine.blogspot.com/2008/12/blog-post_07.html
No comments:
Post a Comment