Wednesday 23 March 2011

Fwd: မြန်မာလူထု၏ ၇၀ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှိနေမှန်း ကိုယ်တိုင်မသိရှိကြ ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ ၊ အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ ၊ ကြက်ဥအနှစ်မှ မြွေဆိပ်ဖြေဆေး အောင်မြင်စွာ ထုတ်လုပ်န








Date: 2011/3/22
Subject: မြန်မာလူထု၏ ၇၀ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှိနေမှန်း ကိုယ်တိုင်မသိရှိကြ ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ ၊ အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ ၊ ကြက်ဥအနှစ်မှ မြွေဆိပ်ဖြေဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ။



  1. မြန်မာလူထု၏ ၇၀ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှိနေမှန်း ကိုယ်တိုင်မသိရှိကြ ၊
  2. မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ ၊
  3. အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ ၊
  4. ကြက်ဥအနှစ်မှ မြွေဆိပ်ဖြေဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ၊
  5. ဟောက်သံနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသော အခြေအနေဆိုသည်မှာ ၊
  6. သင့်ကလေးကို သိုင်းကြိုးဖြင့် ချီပိုးရာတွင် ၊
  7. ပိန်ချင်လို့ အစားလျှော့ရင် ၊
  8. လုပ်ငန်းလိပ်စာမဲ့ ကိတ်မုန့်များ၌ ဓာတုဆိုးဆေးများ ပါဝင်နေ၍ ပြည်သူများ သတိထားသင့်၊ ထုတ်လုပ်သူများကို ပုဒ်မ ၂၈ (က) ဖြင့် အရေးယူသွားမည် ၊
  9. ပါကင်ဆန်​ရောဂါဖြစ်ပွား​စေသည့်​ ဗီဇလျှို့​ဝှက်ချက် ​ခြေရာ​ခံ​​တွေ့​ရှိ ၊
  10. ကနေဒါတွင် ကျန်းမာရေးထိခိုက်စေသော "အေးဂျင့်အောရိန်းဂ်ျ" အား ၁၉၈၀ ပြည့်လွန်နှစ်များအထိသုံး ၊
  11. ၀က်ရူးပြန်ရောဂါ (သို့) အတက်ရောဂါ နှင့်ရုတ်တရက်အသက်ရှူရပ်တန့်သွားခြင်း ၊
  12. မျက်စိအားကောင်းစေသော အာဟာရများ ၊
  13. အခမဲ့ကျန်းမာရေး စမ်းသပ်ပေး ၊
  14. ငှက်ပြောသီးခွံ၏ ကျန်းမာရေးအစွမ်း

မြန်မာလူထု၏ ၇၀ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှိနေမှန်း ကိုယ်တိုင်မသိရှိကြ

ဆီးချိုရောဂါ ဝေဒနာရှင်များသည် မိမိကိုယ်ကို ဆီးချိုဖြစ်မှန်း မသိဖြစ်နေကြသည်ကို မသိရှိကြပဲ ပုံမှန်အတိုင်း နေမြဲတိုင်း နေထိုင်ကြသဖြင့် ပိုမိုအသက်တိုလာနေပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆီးချိုရောဂါ ဝေဒနာရှင်များမှာ ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးအနက် ဆီးချိုရှိမှန်း မသိကြကြောင်း သိရသည်။ ပြည်တွင်းလေ့လာမှု တစ်ရပ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မိမိကိုယ်တိုင် ဆီးချိုဖြစ်နေမှန်း မသိရှိကြကြောင်း ဆရာဝန် တစ်ဦးက ပြောကြားသည်။
ဆီးချိုစစ်ဆေးခြင်း နှင့်ပတ်သတ်၍ ဆီးစစ်ခြင်း၊ သွေးစစ်ခြင်း၊ မိမိခန္ဓာကိုယ်ရှိ ခါးကိုတိုင်းတာခြင်း စသဖြင့် သိရှိနိုင်မည်ဟု သိရပြီး သာမန်ငွေကြေးသုံးစွဲမှု နည်းပါးသူတို့မှာမူ မိမိ၏ခါးကို လစဉ် ပုံမှန်တိုင်းတာခြင်း ပြုလုပ်သင့်သည်ဟု ဆိုသည် ဆီးချိုရောဂါရှိသူ၊ မရှိသူ မည်သူမဆို ပုံမှန်ခါးတိုင်းတာမှု ပြုလုပ်သင့်ပြီး သတ်မှတ်စံနှုန်းများမှာ ကျား ၃၅ လက်မနှင့် မ ၃၁ လက်မဖြစ်ကြောင်း သိရသည်။ ပုံမှန်တိုင်းတာမှု ပြုလုပ်စဉ် ကာလအတွင်းမှစ၍ နေ့စဉ်အစားအသောက် အဓိကထားသော ကုထုံး (Medical Nutritional Therapy) ကို ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။
MNT စနစ်သည် အသီးအရွက်များကို အဓိကထား၍ ပုံမှန်စားသုံးပေးခြင်းဖြစ်ပြီး စားသုံးမည့် အသီးအရွက်များမှာ ဓာတုဗေဒကင်းစင်သော သီးရွက်မျိုး ဖြစ်သင့်ကြောင်းလည်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အသက် ၃၅ နှစ်မှ ၆၄ နှစ်အတွင်း လူ ၁၀ ဦးလျှင် ဆီးချိုကြောင့် တစ်ဦးသေဆုံးနေပြီး ကမ္ဘာ့လူဦးရေကို မိနစ်စာ တွက်ထုံးအရ တစ်မိနစ်လျှင် တစ်ဦး သေဆုံးနေကြောင်း WHO က ထုတ်ပြန်ထားသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၌ ၄၂ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မည် ဖြစ်ကာ လက်ရှိ အချိန်အထိ နှစ်စဉ် ၃.၂ သန်း အထိ ဆီးချိုကြောင့် သေဆုံးနေရကြောင်း WHO က ထုတ်ပြန်ထားသည်ဟု ဆက်လက်ပြောကြားခဲ့သည်။
Ref: Good Health


မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ

"မှိုက မစိုမခြောက် အခြေအနေကို သဘောကျတယ်။ မိုးတွင်းကျတော့ မိုးရွာတဲ့အချိန်မှာ မိုးရေစိုမယ်၊ မရွာတဲ့အချိန်တွေကျတော့ ချွေးတွေနဲ့ဆိုတော့ အရေပြားကို နှူးသလိုဖြစ်ပြီး ဒီလို မိုးတွင်းအချိန်မှာ အဖြစ်များတတ်ပါတယ်"

ယခုကဲ့သို့သော မိုးရာသီတွင် မိုးတစ်ပြိုက်နှစ်ပြိုက်ခန့် ရွာချပြီးပါက လမ်းမထက်တွင် ရေများအိုင်ထွန်းကာ ကျန်ရစ်ခဲ့လေသည်။ ဆင်ခြေဖုံး ဒေသများတွင်လည်း ရွှံ့ဗွက်အိုင်များ ရေဆိုးအိုင်များဖြင့် လွှမ်းခြုံသွားတတ်သည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ လမ်းမထက်တွင် တင်ကျန်ရစ်သည့် ရေများနှင့် ရေဆိုးအိုင်များမှ ရေဆိုးရေညစ်များသည် လူတို့၏ အရေပြားအား ကောင်းစွာဒုက္ခပေးနိုင်သည့် အရေပြားဆိုင်ရာ ပြဿနာများကို သယ်ဆောင်လာနိုင်ကြောင်း သိရသည်။ ထို့အပြင် ရာသီဥတု ပူပြင်းရာမှ ရုတ်တရက် မိုးရွာချတတ်သည့် ယခုကဲသို့ မိုးတွင်းရာသီတွင် ရာသီဥတုပူပြင်းသဖြင့် ထွက်လာသည့် ချွေးများနှင့် မိုးရွာသဖြင့် ခန္ဓာကိုယ်တွင် စိုစွတ်လာသည့် မိုးရေများက ခန္ဓာကိုယ် အပေါ်ယံအရေပြားအား နှူးသကဲ့သို့ဖြစ်ကာ အရေပြားတွင် မှိုစွဲနိုင်သည့် အခွင့်အရေး ပိုများလာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ယခုကဲ့သို့သော မိုးရာသီတွင် အဓိကအားဖြင့် မှိုကြောင့်ဖြစ်ပွားတတ်သည့် အရေပြား ရောဂါများဖြစ်သော ပွေး၊ ၀ဲ၊ ညှင်း၊ နှင်းခူ အစရှိသည့် အရေပြား မှိုစွဲရောဂါများ ဖြစ်လေ့ရှိကြကြောင်း အရေပြားအထူးကု ဆရာဝန် ဒေါက်တာလင်းထက်က ပြောသည်။ ထိုအထဲတွင် အချို့သော အရေးပြား မှိုစွဲနာများဖြစ်သည့် နှင်းခူ၊ ဝဲစသည့် အရေပြား မှိုစွဲနာများသည် ရာသီမရွေး ဖြစ်ပွားတတ်သော်လည်း မိုးရာသီတွင် ပိုမိုဖြစ်ပွားနိုင်ခြေ များပြားကြောင်း သိရသည်။

ယခုကဲ့သို့သော မိုးရာသီတွင် ဝဲ၊ နှင်းခူစသည်တို့ ဖြစ်ပွားပါက ယခင်ရောဂါအခံ ရှိသူများသည် ဖြစ်ပွားခဲ့ဖူးသည်များပါ ပြန်လည်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့သော အချိန်တွင် ၀ဲရောဂါ ဖြစ်ပွားပါကလည်း ၀ဲအစိုဖြစ်ပွားနိုင်ပြီး၊ နှင်းခူဖြစ်ပွားပါကလည်း နှင်းခူအစို ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မိုးရာသီတွင် အရေပြား မှိုစွဲခံရတတ်သူများသည် ရောဂါအခံရှိသူများ (ဥပမာ-ဆီးချိုရောဂါ ရှိသူများ) ခုခံအားကျဆင်းနေသူများ ဖြစ်ပွားနိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းသူများလည်း မှိုရောဂါ ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရသည်။ အလားတူမိုးရာသီတွင် ဖြစ်တတ်သည့် မှိုရောဂါနောက်တစ်မျိုးမှာ ခြေချောင်းများနှင့် လက်ချောင်းများအတွင်းတွင် ခိုအောင်းနေတတ်သည့် ရေများကြောင့် အရေပြားနူးအိပြီး ခြေချောင်း၊ လက်ချောင်းများကြားတွင် အဖြူရောင်အဖတ်များသဖွယ် စွဲကပ်နေတတ်သည့် မှိုရောဂါတစ်မျိုးလည်း ဖြစ်ပွားနိုင်သေးကြောင်း သိရသည်။ "မှိုက မစိုမခြောက် အခြေအနေကို သဘောကျတယ်။ မိုးတွင်းကျတော့ မိုးရွာတဲ့အချိန်မှာ မိုးရေစိုမယ်၊ မရွာတဲ့အချိန်တွေကျတော့ ချွေးတွေနဲ့ဆိုတော့ အရေပြားကို နှူးသလိုဖြစ်ပြီး ဒီလို မိုးတွင်းအချိန်မှာ အဖြစ်များတတ်ပါတယ်"ဟု ဒေါက်တာလင်းထက်ကဆိုသည်။

အလားတူ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်များကြောင့် အရေပြားတွင်လည်း အနီကွက်များ ဖြစ်ပေါ်လာတတ်သည်။ ထိုသို့ ဖြစ်ပေါ်လာသည့် အနီကွက်များအား သေချာခွဲခြား သိနိုင်ရန်အတွက် တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် ပြသရန် လိုအပ်သည်ဟု သိရသည်။ မိုးရာသီတွင် အရေပြား မှိုစွဲခံရခြင်းမှ ကင်းဝေးစေရန် အဝတ်အစားများအား ခြောက်သွေ့စေရန်၊ သေချာစွာလျော်ဖွတ် ၀တ်ဆင်ကြရန် လိုအပ်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်ရန် လိုအပ်သည်။ အဆောင်နေသူများ၊ မိုးထဲရေထဲတွင် အလုပ်လုပ်ရသူများသည် အရေပြားမှိုစွဲခံရရန် အခွင့်အရေး များပြားသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း သိရသည်။ အကယ်၍ အရေပြားမှိုစွဲခံရပါကလည်း စွဲကပ်ခံရသည့် မှိုအပေါ်မူတည်၍ သောက်ဆေးလိမ်းဆေးများအား မှန်မှန်ကန်ကန်နှင့် စနစ်တကျ သောက်လိမ်းကြရန် လိုအပ်သည်ဟု ဒေါက်တာလင်းထက်ကပြောသည်။

ထိုသို့ဆေးလိမ်း ဆေးသောက်ကြရာတွင်လည်း မှိုသတ်ဆေး သီးသန့်သာပါသည့် ဆေးများ လိမ်းရ၊ သောက်ရသည့် မှိုနှင့် စတီးရွိုက်ပါသည့် ဆေးများ လိမ်းရ၊ သောက်ရသည့် မှိုအမျိုးအစားများ ကွဲပြားသည့်အတွက် ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ကြောင်း သိရသည်။ "မှိုစွဲပြီဆိုရင်တော့ မှိုသတ်ဆေး သီးသန့်ပါတာကိုပဲ သီးသန့်လိမ်းရတဲ့ဟာရှိတယ်။ တချို့ကျတော့လည်း စတီရွိုက်ပါတာ လိမ်းရတာတွေရှိတယ်။ ဥပမာ-နှင်းခူလိုဟာမျိုး ဆိုရင်တော့ စတီးရွိုက်ပါတာ လိမ်းရတယ်"ဟု ဒါက်တာလင်းထက်ကပြောသည်။ အခြားမှိုများဆိုလျင်လည်း Clotrimazole, Miconazole အစရှိသည့် မှိုသတ်ဆေး သီးသန့်သာပါသည့် ဆေးများလိမ်းရန်သာ လိုအပ်ကြောင်း သိရသည်။ သို့သော် အရေပြားမှိုစွဲခြင်းသည် ဖြစ်ပွားမှကုသခြင်းထက် မဖြစ်ခင်ကပင် ကြိုတင် ကာကွယ်ထားကြရန် လိုသည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြု ထိန်းသိမ်းကြရန်လိုအပ်သည်ဟု အရေပြား ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

Credit: သီဟ (7Day News Journal)

အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ

Posted by Popular News
အရေးပေါ်သုံး ကိုယ်ဝန်တားဆေးများအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလာမှုနှင့်အတူ လူငယ်များ၏ လွဲမှားစွာအသုံးပြုမှုကြောင့် ဆေး ယဉ်ပါးမှုဖြစ်ကာ မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှုနှုန်း မြင့်မားလာသည့်နည်းတူ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုနှုန်းမှာလည်း မြင့်မားလာသည်ဟု သားဖွား မီးယပ် အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
၎င်းက ကိုယ်ဝန်တားဆေး ဆိုသည်မှာ မိမိသဘောဖြင့် သောက်သုံးခြင်းသည် အလွန်အန္တရာယ်များပြီး သောက်သုံးသူသည် တားဆေးနှင့် မတည့် ပါကမလိုချင်ဘဲ ကိုယ်ဝန် ရရှိတတ်သည့်အပြင် ရောဂါအခံရှိပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ကြီးမား ကြောင်း၊ တားဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးများ ရှိတတ် ပြီး သားသမီးမလိုချင်၍ သောက်သုံးမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ကာ သောက် သုံးရန် လိုအပ်ကြောင်း၊ ပဋိသန္ဓေတားဆေးများကို သားဆက်ခြားလိုသည့် မိခင်လောင်းများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါရှိသည့် အမျိုးသမီးများ၊ ကလေးရယူလိုခြင်း မရှိသေးသည့် အမျိုးသမီးများအတွက်သာ ရည်ရွယ်၍ ဆေးဝါးကျွမ်းကျင်သူများက ထုတ်လုပ် ရောင်းချခြင်းဖြစ် သော်လည်း လူငယ်ထုအတွင်း အရေးပေါ်သုံးတားဆေးများအား လွဲမှားစွာအသုံးပြုနေခြင်းများကြောင့် ဆေးယဉ်ပါးကာ မလိုချင်ဘဲ ကိုယ်ဝန်ရ ရှိခြင်းနှင့် ကိုယ်ဝန် ရရှိလာသည့်အခါ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရသည့် လူငယ်နှင့် ဆယ်ကျော်သက် အရွယ် အမျိုးသမီး ဦးရေပိုများလာကြောင်းဆိုသည်။.
"အရေးပေါ်သုံးဆိုတဲ့အတိုင်း တကယ်အရေးပေါ်ဖြစ်နေတဲ့အချိန်မှ တစ်ခါတစ်ရံပဲ သုံးလို့ရတယ်ဆို တာကို လူငယ်တွေက နားလည် မှုနည်းနေတယ်။ လူငယ်တွေ တော် တော်များများမသိတဲ့အချက်က ဒီအရေးပေါ်သုံးတားဆေးမှာ Failere rate ဆိုတာရှိတယ်။ သူက ၁ဝခါ သုံးရင် တစ်ခါနှစ်ခါ လောက်မှာ ဆေးက မထိရောက်တတ်ဘူး။ အဲဒီအခါကျရင် မလိုချင်တဲ့ကလေး ရသွားတတ်တယ်။ ဒီဆေးတွေကို ယုံကြည်လို့မရဘူး။ ဒီဆေးတွေ ရှိ နေတာပဲဆိုပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေလို့ မရဘူး။ ဆရာ့ဆီကိုလာတဲ့ လူနာတစ်ယောက်ဆိုရင် ဒီဆေးတွေသောက်ပေမယ့် ကလေး ရလာ တယ်။ ဆေးရဲ့အညွှန်းမှာကတော့ ရာနှုန်းပြည့် ကိုယ်ဝန်မရနိုင်ဘူးဆိုပြီး ရေးထားတယ်။ တကယ်ကတော့ ဒီဆေးတွေက ရာနှုန်း ပြည့် စိတ်မချရဘူး။ နောက်ပြီး တစ်လအတွင်းမှာ ဒီဆေးကို ခဏ ခဏသောက်နေရင်လည်း ဆေး ယဉ်ပါးပြီး တစ်ချိန်မဟုတ်တစ်ချိန်မှာ မလိုချင်ဘဲ ကလေးရမှာပဲ။ ဒီဆေး မျိုးက တစ်ခါတစ်ရံ အရမ်းအရေး ပေါ် ဖြစ်နေတဲ့အချိန်မှာပဲ သုံးရတာ။ ပုံမှန်သုံးရင် သေချာပေါက်ဆိုးကျိုး တွေရမှာပဲ။ တချို့လူငယ်တွေကျ တော့လည်း ဒီဆေးတွေ မကြာခဏ သောက်မိလို့ ဆေးယဉ်ပြီး ကိုယ်ဝန် ရလာတဲ့အခါ လူကြီးမိဘတွေ အသိမပေးဘဲ တိတ်တိတ်လေး တရားမဝင် ကိုယ်ဝန်ဖျက်ချလို့ သေသွားရတာတွေလည်း အများ ကြီးရှိလာတယ်။ အများအားဖြင့် တော့ ဆယ်ကျော်သက်လူငယ် တွေပိုများတယ်။ နောက်ပြီး ဒီ ဆေးက ဘေးထွက် ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ရောဂါ အခံရှိတဲ့ အမျိုးသမီးတွေဆို ရုတ်တရက်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်တယ်။ ပုံမှန်တားဆေး တွေလည်း သူ့ဟာနဲ့သူ ဘေး ထွက်ဆိုးကျိုးတွေရှိကြတာပဲလေ" ဟု ၄င်းကထပ်လောင်းပြောသည်။

ထိုဆေးများမှာ တန်ဖိုးနည်းပြီး  အလွယ်တကူဝယ်ယူ ရနိုင်သည့်အတွက် လူငယ်အများစုမှ လာရောက် ဝယ်ယူလေ့ရှိကြောင်း၊ ထိုဆေးမှာ လိင်ဆက် ဆံပြီး ၂၄ နာရီသို့မဟုတ် ၇၂ နာရီအတွင်း သောက်သုံး ပါက ကိုယ်ဝန်မရနိုင်ဟုသာ သိရှိကြပြီး ဆေးယဉ်ပါးမှုနှင့် ဆေးကြောင့်ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပြောပြလိုသော်လည်း အများစုမှာ လက်ခံနားထောင်လိုခြင်း မရှိကြောင်း ဆေးဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရ သည်။
သူရထွန်း

ကြက်ဥအနှစ်မှ မြွေဆိပ်ဖြေဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ

Posted by Popular News
ကြက်ဥအနှစ်မှ ထုတ်ယူသော မြွေဆိပ်ဖြေဆေးကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကြက်ဥအနှစ်မှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုသုတေသနကို ၂ဝဝ၂ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံညွှန်းနှင့်အညီ အဆင့်ဆင့် စမ်းသပ်လုပ်ဆောင်ခဲ့ ရာ ၂ဝဝ၇ ခုနှစ်တွင် ဓာတ်ခွဲခန်းစမ်း သပ်မှုများ အောင်မြင်ခဲ့ကြောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင်မြွေပွေးကိုက် လူနာများအပေါ် စမ်းသပ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူး (သုတေသန-ငြိမ်း) မြွေကိုက် သုတေသန ပညာရှင် ဒေါက်တာဦးထွန်းဖေက ပြော သည်။

လူနာများ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ၂ဝဝ၉ ခုနှစ်အတွင်း တိုက်ကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့နယ်ဆေးရုံနှင့် သာယာဝတီခရိုင် ဆေးရုံကြီးတို့၌ သုတေသီဆရာဝန်များက မြွေဆိပ်ဖြေဆေးထိုးနှံကုသ စမ်းသပ်ခဲ့ရာ ဘေးထွက်ဆိုးကျိုး မတွေ့ရဘဲ လူနာ ၈၂ ရာခိုင်နှုန်းကို အောင်မြင်စွာ ကုသပေး နိုင်ခဲ့သည်ဟု သိရသည်။

သုတေသနကျင့်ဝတ်အတိုင်း လူနာများအပေါ် မစမ်းသပ်မီ မြွေဆိပ်ဖြေဆေး၏ အရည်အသွေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များ အတိုင်း အဆင့်ဆင့် စစ် ဆေးခဲ့ကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက် ဥစားကြက်မများကို တိရစ္ဆာန်ဆေးကုဆရာဝန်၏ ကြီးကြပ်မှုဖြင့် စနစ်တကျ ကာကွယ်ဆေးထိုးနှံပြီး အ ကောင်ရေ ဆယ်ဂဏန်းမျှမွေးမြူကြောင်း၊ ကြက်ငှက်များတွင် ဖြစ်တတ်သည့် ရောဂါများ ကင်းရှင်းမှုရှိစေရန် လိုအပ်သည့် အချိန်တိုင်းတွင် စစ်ဆေး ရကြောင်း၊ ဥစားကြက်မများကို မြွေဆိပ်ပမာဏ အနည်းငယ်သာထိုးပေးပြီး ရရှိလာသော ကြက်ဥများကို စုဆောင်းကာ မြွေဆိပ်ဖြေဆေးအဖြစ် ဓာတ်ခွဲခန်းတွင် အဆင့်ဆင့်သန့်စင် ထုတ်လုပ်ရကြောင်း၊ ထိုသို့ ထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများ (ဥပမာ-ကြက်ဥခွံ၊ ကြက်ဥ အကာ)နှင့် အသုံးပြုပြီး၍ မလိုအပ် တော့သော ဆေးထိုးထားသည့် ကြက်မတို့ကို အန္တရာယ်ကင်းရှင်း စေရေးအဓိကပြု၍ စနစ်တကျစွန့် ပစ်ရကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
၎င်းမြွေဆိပ်ဖြေဆေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူများဖြစ်ပြီး ၄င်းတို့၏ အဓိကလုပ်ငန်းခွင်အန္တရာယ်မှာ မြွေဆိုးကိုက်ခံရခြင်း ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိ လာသော စာရင်းများအရ တစ်နှစ်လျှင် မြွေဆိုးကိုက်ခံရသူ တစ်သောင်းကျော်ရှိသည်ဟု သိရသည်။
အောင်ခွန်းဆက်

ဟောက်သံနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသော အခြေအနေဆိုသည်မှာ

ကားအင်ဂျင် မကောင်းသလိုမျိုး ဟောက်သံထွက်နေရင်တောင် ဟောက်သံအများစုဟာ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူးလို့ ယူကေ၊ ဒန်ဒီး တက္ကသိုလ်မှ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ပါမောက္ခ ရော်ဘင်ဘလဲက ဆိုပါတယ်။
အိပ်တဲ့အခါ ဘေးတစောင်းအိပ်တဲ့အတွက် အသက်ရှုလမ်းကြောင်း ပွင့်စေခြင်း၊ ကြွက်သားတွေ သန်မာအောင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ အရက်ရှောင်ခြင်း စတဲ့အချက်တွေကို လိုက်နာရုံနဲ့ ဟောက်တဲ့ ပြဿနာ လျော့ပါးသွား နိုင်ပါတယ်။
ဒါပေမယ့် ဟောက်သံထွက်ပြီး အသက်ရှုကျပ်သလို ပင့်သက်ရှိုက်နေရရင် အသက်ရှု လမ်းကြောင်း ဟာ ပုံမှန်ထက် ကြာကြာပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ တစ်စက္ကန့်၊ နှစ်စက္ကန့် လောက် အသက်ရှုရပ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ဆို့တဲ့ အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာ (Obstructive Sleep Apnoea) ဖြစ်နိုင်ပါတယ်။ ဒီလိုခံစားရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။
Ref : Good Health


သင့်ကလေးကို သိုင်းကြိုးဖြင့် ချီပိုးရာတွင်

ကလေးတွေဟာ သူတို့ကို သိုင်းကြိုးနဲ့ ချီပိုးထားတာကို သဘောကျ နှစ်ခြိုက်တတ်ပါတယ်။ သင့်ကလေးကို သိုင်းကြိုးနဲ့ ချီပိုးထားတဲ့အခါ ကလေးဟာ သင်နဲ့နီးကပ်နေပြီး နွေးထွေးမှုနဲ့ လုံခြုံမှုကို ခံစားရတာကြောင့် သဘောကျ နှစ်ခြိုက်ပါလိမ့်မယ်။
ဒါပေမယ့် ကလေးအသိုင်းထဲမှာ သင့်ကလေးဟာ အန္တရာယ်ကင်းပြီး သက်သောင့်သက်သာ ရှိနေစေဖို့အတွက် သင်သတိထားသင့်တဲ့ အချက်တွေရှိပါတယ်။
အညွှန်းကို သေချာဖတ်ပါ
ဒီနေ့ခေတ်မှာ ကလေးချီပိုးတဲ့ အသိုင်းတွေကို အဆင်သင့် ဝယ်ယူ အသုံးပြုနိုင်ပါပြီ။ ကလေးအသိုင်းတွေမှာ ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါတတ်ပါတယ်။ ကလေးကို အသိုင်းနဲ့ မချီပိုးခင် အညွှန်းကို သေချာဖတ်ပါ။ အသိုင်းကို ဘယ်လို အသုံးပြုရမယ်ဆိုတာ မသေချာရင် ဆိုင်မှာသေသေချာချာမေးခဲ့ပါ။
ကလေးအသိုင်းကို မှန်မှန်စစ်ဆေးပါ။
ကလေးအသိုင်းဟာ ကလေးကို အန္တရာယ်ကင်းအောင် ထောက်ပံ့ပေးထားနိုင်ရပါမယ်။ ကလေးကို အသိုင်းနဲ့ မချီပိုးခင်မှာ သိုင်းကြိုး၊ ထိုင်တဲ့နေရာ၊ အိမ်မြောင်ကွင်းစတာတွေကို ခိုင်မြဲမှုရှိ၊ မရှိ သေချာစစ်ဆေးပါ။
ကလေးက လွတ်လွတ်လပ်လပ် အသက်ရှုနိုင်ပါစေ။
ကလေးအသိုင်းမှအစက သင့်ကလေးရဲ့ ခေါင်းနဲ့ မျက်နှာကို ဘယ်တော့မှ မဖုံးအုပ်ပါစေနဲ့။ သင့်ကလေးဟာ လွတ်လွတ်လပ်လပ် အသက်ရှုနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကလေးမျက်နှာကို သင်မြင်ရအောင်ထားရင် ကလေးကို မကြာခဏ လွယ်လွယ်ကူကူ စစ်ဆေးကြည့်ရှုနိုင်ပါလိမ့်မယ်။ သင့်ကလေးမေးစေ့က သူ့ရင်ဘတ်နဲ့ ထိနေလောက်အောင် အထိ တင်းကျပ်ကွေးကောက်နေရင် အသက်ရှုရတာကို အနှောက်အယှက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အသိုင်းက ကလေးခေါင်းကို ထောက်ပံ့ပေးနိုင်သင့်ပြီး ကျောကို ဖြောင့်နေစေသင့်ပါတယ်။
ကလေးကို နမ်းနိုင်တဲ့ အနေအထားအထိ နီးကပ်နေပါစေ။
မှန်မှန်ကန်ကန် စနစ်တကျ ချီပိုးထားတဲ့ အသိုင်းဟာ သင့်ကလေးကို သင့်လက်မောင်း ထဲမှာ ချီပိုးထားသလို ပုံစံမျိုး ဖြစ်ရပါမယ်။ ကလေးဟာ သင့်ရင်ဘတ်နဲ့ အံကျဖြစ်ပြီး သူ့ခေါင်းဟာ သင့်မျက်နှာနဲ့ အတော်အသင့် နီးကပ်နေရပါမယ်။
ကလေးဟာ အလွန်နွေးထွေးမနေတာ သေချာပါစေ။
အသိုင်းနဲ့ ချီပိုးထားတဲ့အခါ သင့်ကလေးဟာ သင့်ခန္ဓာကိုယ်နဲ့ နီးကပ်နေတဲ့အတွက် ကလေးဟာ အလွန်နွေးထွေးပူအိုက်နေပြီး ရေဓာတ် ခန်းခြောက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ ကိုယ်အပူချိန်ကို မကြာခဏ စစ်ဆေးပါ။ ကလေးကို သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေသာ ဝတ်ပေးပါ။
Ref: Good Health


ပိန်ချင်လို့ အစားလျှော့ရင်


အဝလွန်ရင် လှုပ်ရှားသွားလာရာမှာ လေးလံပြီး ခန္ဓာကိုယ်အလှအပကို ထိခိုက်စေရုံသာမက ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ပြင်းထန်ဆိုးရွားတဲ့ ရောဂါကြီးတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများပြီး ဝနေရင် အလွန်အကျွံအဝလွန်တဲ့အထိ ဖြစ်မလာခင် အစားလျှော့ပြီး ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။
ဘယ်လို အစားလျှော့မလဲ
သကြားပါဝင်မှုများတဲ့ အစာတွေဟာ သင့်ကိုယ်အလေးချိန်ကို တက်စေပါလိမ့်မယ်။ ချိုလွန်းတဲ့ အစာတွေကို ရှောင်ပါ။
အဆီပါဝင်မှုများလွန်းတဲ့ အစာတွေကလည်း ကယ်လိုရီအများကြီးရရှိစေပြီး သင့်ကိုဝစေမှာ ဖြစ်တဲ့အတွက် ရှောင်ပါ။
ကာဗိုဟိုက်ဒရိတ်များလွန်းတဲ့ အစာတွေကိုလည်း လျှော့စားရပါမယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာ (Fast Food) တွေကိုလည်း မှန်မှန်စားနေရင် ဝလာပါလိမ့်မယ်။
သင်ဟာ အထက်ပါအစာတွေကို လျှော့စားသင့်ပေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အစာတွေကိုတော့ လုံလောက်အောင် စားဖို့လိုပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ များများစားပေးသင့်ပါတယ်။ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေကို လုံလောက်အောင် စားသောက်ပေးပါ။
အကျိုးကျေးဇူး
မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အစားလျှော့ရင် -
သင့်ခန္ဓာကိုယ်ကို သွယ်လျလှပလာစေပါလိမ့်မယ်။
ကျန်းမာရေးကောင်းစေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာသုခကို ခံစားရပါမယ်။
အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်သွက်လက်လာပါလိမ့်မယ်။
အနာရောဂါတွေဖြစ်ရင် မြန်မြန်အနာကျက်ပြီး ပြန်ကောင်းနိုင်ပါတယ်။
စွမ်းအင်ပိုရှိလာပါမယ်။
ရောဂါပိုးတွေကို ဆန့်ကျင်တွန်းလှန်နိုင်စွမ်း ပိုကောင်းလာပါတယ်။
ကျန်းမာရေးကောင်းဖို့အတွက် မျှတတဲ့ အစာအာဟာရတွေကို မရှိမဖြစ် လိုအပ်ပါတယ်။ ပိန်ချင်လို့ အစားလျှော့မယ်ဆိုပြီး ဘာမှ မစားမသောက်ပဲ နေရင်တော့ ကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။ ဒါကြောင့် ပိန်ချင်လို့ အစားလျှော့ရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကိုသာ လျှော့သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစာအာဟာရ တွေကိုတော့ မျှတအောင် စားပေးသင့်တဲ့အကြောင်း အကြံပြု လိုက်ရပါတယ်။
Ref : Good Health

လုပ်ငန်းလိပ်စာမဲ့ ကိတ်မုန့်များ၌ ဓာတုဆိုးဆေးများ ပါဝင်နေ၍ ပြည်သူများ သတိထားသင့်၊ ထုတ်လုပ်သူများကို ပုဒ်မ ၂၈ (က) ဖြင့် အရေးယူသွားမည်

ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ကိတ်မုန့်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ စီမံချက်ဖြင့် စစ်ဆေးခဲ့ရာ၌ ထုတ်လုပ်ရာ လုပ်ငန်းလိပ်စာ ဖော်ပြပါရှိခြင်း မရှိသည့် ကိတ်မုန့်များတွင် စားသုံးသူကို အန္တရာယ် ဖြစ်စေနိုင်သော ဓာတုဆိုးဆေးများ ပါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ လုပ်ငန်းလိပ်စာမဲ့ မုန့်များ အနက် ဇမ္ဗူကျော်၊ ဆန်းလာဘ်နှင့် ရတီ အမှတ်တံဆိပ် ကိတ်မုန့်၊ ဓားလှီးမုန့်များသည် အစားအသောက် ဆိုးဆေးမဟုတ်သည့် အန္တရာယ်ရှိသော ဓာတုဆိုးဆေးများ ပါရှိနေပြီး စားသုံးရန် လုံးဝ မသင့်တော်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အန္တရာယ် ရှိစေသော ဓာတုဆိုးဆေးများသည် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ ခွင့်ပြုချက်နှင့် လုပ်ငန်းလိပ်စာ ပါရှိသော နာမည်ကျော် မုန့်များတွင်မူ လုံးဝမပါရှိဘဲ လိပ်စာမဲ့ မုန့်များတွင်သာ ပါရှိနေကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ အနေဖြင့် ခွင့်ပြုချက်အမှတ်နှင့် လိပ်စာမပါရှိသော မုန့်များကို ၀ယ်ယူစားသုံးခြင်း မပြုသင့်ပါကြောင်း၊ ပြည်တွင်း မြို့ကြီး မြို့ငယ်များ၌ ရောင်းဝယ်ဖောက်ကားနေသော မုန့်ဈေးကွက်များထဲတွင် အနှံ့ တွေ့ရှိရသောကြောင့် FDA မှ ဆက်လက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဆိုးဆေးသုံး၍ ထုတ်လုပ်သူများကို အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြည်တွင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့ကြောင်း ကြားသိရသည်။

ထိုကဲ့သို့ တရားမ၀င် ဆိုးဆေးများ အသုံးပြုခြင်းကို ပိတ်ပင်တားဆီး အပြစ်ပေးသင့် သကဲ့သို့ မုန့်များထဲတွင် သံတိုသံစ အမှိုက်စများ ပါလာခြင်းကိုပါ ပြည်သူများ၏ ကျန်းမာရေးအတွက် အထူး ကြပ်မတ် တားမြစ်ပေးသင့်ပါကြောင်း မုန့်ထဲမှ စာအုပ်ချုပ်သည့် သံကလစ် ပါလာခြင်းကို ကိုယ်တိုင် ကြုံတွေ့ ၀ါးခဲ့မိသူ ရန်ကုန်မြို့ခံ တစ်ဦးက mmDailyNews သို့ ရင်ဖွင့် ပြောဆိုခဲ့သည်။



ပါကင်ဆန်​ရောဂါဖြစ်ပွား​စေသည့်​ ဗီဇလျှို့​ဝှက်ချက် ​ခြေရာ​ခံ​​တွေ့​ရှိ

alt
ပါကင်ဆန်​ရောဂါဖြစ်ပွား​စေသည့်​ ဗီဇလျှို့​ဝှက်ချက်​တစ်ခု © dailychilli
သိပ္ပံပညာရှင်များ ​က ပါကင်ဆန်​ရောဂါ ဖြစ်ပွား​စေသည့်​ ဗီဇဆိုင်ရာ လျှို့​ဝှက်ချက် တစ်ခုကို ​ခြေရာခံမိလာ​ကြောင်း​ သိရသည်။ မျိုး​ဗီဇ မူကွဲအစုအဖွဲ့​ တစ်ခုသည် ပါကင်ဆန်​ရောဂါ ဖွံ့​ ဖြိုး​လာခြင်း​၏ အဓိက အ​ကြောင်း​ရင်း​ တစ်ခုဟု မိမိတို့​ ယုံကြည်​နေ​ကြောင်း​ သု​တေသီများ​ကဆိုသည်။
ပညာရှင်များ ​က မျိုး​ဗီဇညွှန်ကိန်း​ ၆ ခုကို အ​ခြေခံ ​လေ့​လာပြီး​နောက် အာရုံ​ကြောဆိုင်ရာ ​ရောဂါ၏ သက်​ရောက်မှုများ​ကို ယခင်ကတည်း​က ရှာ​ဖွေ​နေခဲ့​သည်။ သို့​သော်လည်း​ ဗြိတိန်၊​ အ​မေရိကန်၊​ ဂျာမနီ၊​ ပြင်သစ်၊​ နယ်သာလန်နှင့်​ အိုက်စလန် နိုင်ငံများ​မှ ပညာရှင်များ​ ပါဝင်​သော အဖွဲ့​က ပါကင်ဆန်​ ရောဂါ၏ ဇစ်မြစ်ဟု ယူဆနိုင်သည့်​ မျိုး​ကွဲဗီဇဆဲလ် ၅ ခုပါဝင်​သော အစုအဖွဲ့​ကို ရှာ​ဖွေ​တွေ့​ရှိနိုင်ခဲ့​ကြောင်း​ Lancet ဂျာနယ်က ​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့​တွင် ​ဖော်ပြခဲ့​သည်။
ယခုပြုလုပ် ​သော သု​တေသန ​ ဆောင်ရွက်ချက်သည် ပါကင်ဆန် ​ရောဂါဆိုင်ရာ အကြီး​မား​ အကျယ်ပြန့်​ဆုံး​ ​လေ့​လာမှု ဖြစ်လာပြီး​ ​ရောဂါရှင် ၇.၇ သန်း​တို့​၏ မျိုး​ဗီဇ ဆဲလ်များ​ကို အ​ခြေခံ ​လေ့​လာခဲ့​ခြင်း​ဖြစ်သည်။
ပညာရှင်များ ​က ယခု​ တွေ့​ရှိလာ​သော ရလဒ်သည် အနာဂတ်တွင် ပါကင်ဆန်​ရောဂါကို ကန့်​သတ်ထိန်း​ချုပ်သွား​နိုင်​ရေး​အတွက် အကျိုး​ဖြစ်ထွန်း​စေမည်ဟု ယုံကြည်လျက်ရှိကြသည်။ ထို့​အပြင် ​မော်လီကျူး​ဆိုင်ရာ သက်​ ရောက်မှုများ​ကို ​လေ့​လာပြီး​ ပါကင်ဆန် ကုသမှုတွင် အကျိုး​ရှိရှိ အသုံး​ချနိုင်ရန်လည်း​ ပညာရှင်များ​က ​မျှော်လင့်​နေ​ကြောင်း​ သိရသည်။

ကနေဒါတွင် ကျန်းမာရေးထိခိုက်စေသော "အေးဂျင့်အောရိန်းဂ်ျ" အား ၁၉၈၀ ပြည့်လွန်နှစ်များအထိသုံး


အမေရိကန်ပြည်ထောင်စု ကြည်းတပ်၏ ရဟတ်ယာဉ်တစ်စီး ဗီယက်နမ်နိုင်ငံ၍ စိုက်ပျိုးရေးလုပ်ငန်းများရှိရာအရပ်တွင် "အေးဂျင့် အောရိန်းဂ်ျ" ပက်ဖျန်းနေစဉ်
လမ်းများဘေး ထွက်ရှိသော ချုံနွယ်များအား ရှင်းလင်းရန် လူများ၏ ကျန်းမာရေးအား ထိခိုက်စေသော "အေးဂျင့် အောရိန်းဂ်ျ" (Agent Orange) ဟုခေါ်သော ဓါတုဗေဒပစ္စည်းတစ်မျိုးအား ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းများအထိ သုံးခဲ့ကြောင်း ကနေဒါ အရာရှိများက ဝန်ခံသည်။
ဗီယက်နမ်ခေတ်တွင် အသုံးများသော ရွက်ကြွေဆေးတစ်မျိုး (defoliant)အား အသုံးပြုကြောင်း "တိုရွန်တိုစတား" (Toronto Star)သတင်းစာက ဖော်ပြလိုက်ပြီး နောက်ပိုင်းတွင် စီရင်စု (Provice)၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး (Trasport Minister) ကက်သလင်း ဝင်းန် (Kathleen Wynne)က ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်မည်ဟု ကတိပေးသည်။
(Operation Ranch Hand) စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ယူစီ - ၁၂၃ ဘီ "ပရိုပိုဒ်ဒါ" (UC-123B Provider) လေယာဉ်များ ဗီယက်နမ်တွင် "အေးဂျင့်အောရိန်းဂ်ျ" ရွက်ကြွေဆေးဖျန်းနေစဉ်
၎င်း "အေးဂျင့် အောရိန်းဂ်ျ" (Agent Orange) ဓါတုဗေဒပစ္စည်းအား ၁၉၆၂ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ဗီယက်နမ်၏ သစ်တောများ အရွက်ကြွေပြီး ဗီယက်ကောင်းများ ပုန်းအောင်းစရာ ခက်ခဲသွားစေရန် အမေရိကန်စစ်ဖက်မှ ဂါလံသန်းနှင့်ချီ၍ အသုံးပြုခဲ့သည်။ ဗီယက်နမ်ဘက်မှ ပြောရာတွင် ၎င်းဓါတုဗေဒ ပက်ဖျန်းခဲ့သော နေရာများတွင် မျိုးရိုးဗီဇချို့ယွင်းချက် (genetic defects)များ ဖြစ်ပေါ်သည်ဟု ပြောသည်။
"အေးဂျင့် အောရိန်း"နှင့်ထိတွေ့မှုရှိခဲ့သော မိဘမှ မွေးဖွားလာသော ဗီယက်နမ်နိုင်ငံသားတစ်ဦး
မှတ်တမ်းများမှ တွေ့ရှိချက်များအား အခြေခံ၍ "တိုရွန်တိုစတား" (Toronto Star)ကပြောရာတွင် "ဘာ့ခ်ျ" (Birch)နှင့် "မေပယ်လ်" (Maple)သစ်ပင်များနှင့် ချုံနွယ်များအား ရှင်းလင်းရန် ၁၉၅၀ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ ၎င်းအား ဒုတိယ ကမ္ဘာစစ်ခေတ်မှ လေယာဉ်များဖြင့် ပက်ဖျန်းရာ သစ်တောဝန်ထမ်း (Forestry Worker)များနှင့် ထိတွေ့မှုများရှိခဲ့သည်။


အမေရိကန်ပြည်ထောင်စု ကြည်းတပ်၏ သံချပ်ကာတင်ယာဉ် (APC – Armored Personnel Carrier) ပေါ်မှ ဗီယက်နမ်ရှိလယ်ကွင်းများပေါ်သို့ "အေးဂျင့် အောရိန်းဂ်ျ" ပက်ဖျန်းနေစဉ်
သယ်ယူပို့ဆောင်ရေးဌာနမှ "အေးဂျင့် အောရိန်းဂ်ျ" (Agent Orange) ပမာဏ မည်မျှ ပက်ဖျန်းခဲ့သည်အား သူမ မသိကြောင်း၊ သို့ရာတွင် အခြား လွတ်လပ်သော အဖွဲ့ (Independent Panel)တစ်ခုက စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ သူမတို့ဌာန နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း စီရင်စုဝန်ကြီး (Provincial Minister) ဖြစ်သူ (Ms.Wynne)က ပြောသည်။
အမှတ် ၃၃၆ ပျံသန်းရေးတပ်ခွဲ ( 336th Aviation Company) ယူအိတ်ခ်ျ - ၁ ဒီ ရဟတ်ယာဉ် ( UH – 1D Helicopter) တစ်စီး ဗီယက်နမ် မြစ်ဝကျွန်းပေါ်ဒေသရှိ စိုက်ခင်းများ ပေါ်သို့ ရွက်ကြွေဆေး ဖျန်းနေစဉ်
"အေးဂျင့် အောရိန်းဂ်ျ" (Agent Orange)သည် အစားအသောက်များ သောက်သုံးရေများထဲသို့ ဝင်ရောက်သွားပြီး မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းချက်များ ဖြစ်စေသည်ဟု စွပ်စွဲချက်များ ရှိသည်။ အမေရိကန် ပြည်ထောင်စု၏ စစ်မှုထမ်းဟောင်းများ ကိစ္စအား ဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သည့် US Department of Veterans Affairs ကလည်း ၎င်းဓါတုဗေဒပစ္စည်းသည် ကင်ဆာနှင့် အခြားရောဂါများ ဖြစ်စေသည်ဟု ပြောသည်။

"အေးဂျင့်အောရိန်းဂ်ျ"နှင့် ထိတွေ့ခဲ့ဖူးသော မိဘမှ အသေမွေးဖွားလာသော အင်္ဂါချို့တဲ့သည့် ဗီယက်နမ်ကလေး အလောင်းများ
ရှေ့နေတစ်ဦးဖြစ်သူ တတိယမြောက် အဲလမိုး အာရ် ဇူးမ်ဝေါ့ထ် (Elmo R. Zumwalt 3d) သည် ၁၉၈၃ ခုနှစ် ဇန်နဝါရီလတွင် သွေးရည်ကြည်ကျိတ် ကင်ဆာ (Lymphoma) ဖြစ်နေကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလ သူ၏ ကိုးကြိမ်မြောက် "ဘိုင်အော့စီ" Biopsy စစ်ဆေးမှုတွင် အခြားဆင်တူရောဂါတစ်မျိုး Hodgkin's disease ပါထပ်ဆင့်ဖြစ်နေကြောင်း သိရသည်။
သူသည် အသက် ၄၂ နှစ်တွင် သေဆုံးသွားသည်။ သူ၏ကင်ဆာ (Cancer)ရောဂါသည် "အေးဂျင့် အောရိန်းဂ်ျ"နှင့် ထိတွေ့ခဲ့မှုကြောင့် ဖြစ်သည်ဟု ယုံကြည်ရကြောင်း သူ၏ဖခင် အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး အဲလ်မိုး ဇူးမ်ဝေါ့ထ် (ဂျူနီယာ) (retired Admiral Elmo R. Zumwalt Jr.) ကပြောသည်။ သူ၏သား သည် ဗီယက်နမ်တွင် ၁၉၆၉ ခုနှစ် ဇွန်လမှ ၁၉၇၀ ခုနှစ် သြဂုတ်လအထိ ရေတပ် ပထမဗိုလ် lieutenant junior grade ရာထူးဖြင့် ကင်းလှည့်ရေယာဉ်၏ တပ်မှူးတာဝန် ထမ်းဆောင်ခဲ့သည်။
ရေတပ်ဗိုလ်ချုပ်ကြီး အဲလ်မိုး ဇူးမ်ဝေါ့ထ် (ဂျူနီယာ) Elmo R. Zumwalt, Jr.
ရေတပ်ဗိုလ်ချုပ်ကြီး ဇူးဝေါ့ထ် (Adm. Zumwalt) သည် ပူးတွဲစစ်ဦးစီးချုပ် (Joint Chiefs Of Staff) အဖွဲ့ဝင်အဖြစ် ရာထူးတိုးမသွားမီ ဗီယက်နမ်ရှိ ရေတပ်များ၏ တပ်မှူးဖြစ်စဉ်က "အေးဂျင့် အောရိန်းဂ်ျ" (Agent Orange) သုံးရန် မိမိအမိန့်ပေးခဲ့မှုအား နောင်တမရဟု ပြောသည်။
၎င်းရွက်ကြွေဆေးသုံးခြင်းအားဖြင့် မိမိတို့၏စစ်မှုထမ်းများ ရန်သူလက်ချက်ဖြင့် ထိခိုက်သေဆုံးမှုများအား လျော့နည်းစေသည်ဟု သူယုံကြည်သည်။ သူ၏မြေး ရပ်ဆယ်လ် (Russell) ပညာသင်ကြားရေးခက်ခဲမှု (learning disabilities) ၊ ဥာဏ်ထိုင်းမှုသည်လည်း "အေးဂျင့် အောရိန်းဂ်ျ" (Agent Orange)နှင့် ဆက်စပ်နေသည်ဟု သူယုံကြည်သည်။
Ref: Internet
Agent Orange 'used to clear Canadian roads until 1980s' (BBC News)
Agent Orange (Wikipedia)
Elmo Zumwalt (Wikipedia)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)

ဝက်ရူးပြန်ရောဂါ (သို့) အတက်ရောဂါ နှင့်ရုတ်တရက်အသက်ရှူရပ်တန့်သွားခြင်း









အောက်ပါ ကျန်းမာရေးဆောင်းပါးကို ကျွန်တော် ခရီးထွက်နေချိန်မှာ လှမ်းအကူအညီတောင်းလို့  မလေးရှားနိုင်ငံက AMIST University မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ ဆရာဝန် ဒေါက်တာနန်းနီတျာက ကျေးဇူးပြုပြီး ရေးပေးခဲ့တာ ဖြစ်ပါတယ်။  mmDailyNews စာဖတ်ပရိသတ်များ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ စာသင်ခန်းတစ်ဖက် စာမေးပွဲ တစ်ဖက်နဲ့ လုံးဝမအားတဲ့ ကြားက ရေးပေးဖြစ်အောင် ရေးပေးခဲ့တဲ့ ဒေါက်တာနန်းနီတျာ (အမ မသဲ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။











(Epilepsy) ရောဂါကို မြန်မာလို ၀က်ရူးပြန်ရောဂါလို့ အသိများကြပါတယ်။ ဒီရောဂါဟာ ယောက်ျား မိန်းမ မရွေး အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ ဖြစ်နိုင်ပါတယ်။ ဦးနှောက်တွင်းရှိ နာဗ်ဆဲလ်များ ရုတ်တရက် အလျင်အမြန် လှုပ်ရှားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဖြစ်အများဆုံးအသက်အရွယ် ကတော့ အသက် ၂ နှစ်အောက်နဲ့ ၆၅နှစ်အထက် လူကြီးများဖြစ်ကြပြီး ယနေ့ခေတ်မှာတော့ သက်လတ်ပိုင်းသူတွေမှာလဲ ဒီရောဂါအဖြစ် များ ပါတယ်။
ဆေးပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များ အရ ၀က်ရူးပြန်ရောဂါရှိသူများဟာ ရုတ်တရက် သေဆုံးခြင်း အများဆုံးပါ။


ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးခြင်း ဆိုတာဘာလဲ
ဝက်ရူးပြန်ရောဂါသည် များဟာ တက်နေရင်းနဲ့သေဆုံး သွား နိုင်ပါတယ်။ သေဆုံးသူများရဲ့ အလောင်းကို သေချာစစ် ကြည့်ရင် လည်း သေဆုံးတဲ့ အဓိက အကြောင်းရင်း ကို မတွေ့ကြရပါဘူး။

ဘယ်လောက်ထိ ဒီလိုနည်းနဲ့သေတဲ့သူတွေများနေပြီလဲ
တစ်နှစ် တစ်နှစ် ဒီရောဂါနဲ့ သေတဲ့သူတွေကိုစစ်တမ်းကောက်ဖို့ ခက်ခဲပါတယ်။ တကမ္ဘာလုံးအနေနဲ့သိနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ အင်္ဂလန်နိုင်ငံစစ်တမ်းကောက်ယူချ


က်များကတော့ တနှစ်မှာ လူ၅၀၀ခန့်SUDEP နဲ့သေဆုံးကြတာ တွေ့ရပါတယ်။ (SUDEP=Sudden unexpected death in Epilepsy)

ဘာအကြောင်းအရာတွေက သေစေမှုကိုဖြစ်စေတာလဲ
မည်သူမှ ဒီအကြောင်းရင်းကို သေချာမသိရသေးပါဘူး။ တချို့သုတေသန ဖော်ပြချက်တွေက တော့ အသက်ရှုခြင်းကို ထိန်းထားပေးတဲ့ ဦးနှောက်အပိုင်းထိခိုက်ကြေပျက်ခြင်းလို့ အဓိပ္မါယ် ဖော် ကြပါတယ်။ ပုံမှန် က တစ်ကိုယ်လုံး တုန်ခါပြီး တက်နေရင်းကနေ ငြိမ်ကျသွားပြီး အသက်ပြန်ရှုလာပါတယ်။ ဒီလိုအဖြစ်ပျက်က သေဆုံးသွားတဲ့သူတွေအတွက်တော့ မမှန်ကန်ပါဘူး။

အတက်ရောဂါ ရှိနေတဲ့ သူမှာ ယခင်ကတည်း က နှလုံးရောဂါ (သို့မဟုတ်) ပြင်းထန်တဲ့ အဆုတ်ရောဂါ ရှိနေသလား ဆိုတာ မည်သူမှမသိနိုင်သေး တဲ့အချက်တခုပါပဲ။

မည်သူတွေမှာဖြစ်နိုင်ပါသလဲ

• ရောဂါရှိနေပေမဲ့ မကာကွယ်မကုသတဲ့သူများ
• အိပ်နေရင်းကတက်တဲ့သူတွေ
• ပညာရပ်တချို့ကို လေ့လာသင်ကြားဖို့ခက်ခဲတဲ့သူတွေ
• အမျိုးသားများ အထူးသဖြင့်လူငယ်တွေ
• ညွှန်ကြားတဲ့ဆေးတွေ မသောက်ပဲနေတဲ့ရောဂါသည်တွေ
• အတက်သက်သာတဲ့ဆေးများ ခဏခဏ ပြောင်းနေတဲ့သူတွေ ရယ်ပါ။

အတက်ရောဂါသည်တွေ ရုတ်တရက် တက်ခြင်းမှ လျော့ကျစေရန်
• နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်နဲ့ပြသဖို့ကအဓိက ပါ
• အထူးကုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ အချိန်ပေးသင့်ပါတယ်။ ဒါမှ ရောဂါ သဘောကို သေချာသိနိုင်ပြီး နားလည်နိုင်မှာဖြစ်ပါတယ်။
• ဆရာဝန်ညွှန်ကြားတဲ့ဆေးမှန်မှန်သောက်တယ်ဆိုတာသေချာပါစေ။
• ဆရာဝန်ကိုအသိမပေးပဲ မိမိသဘောနဲ့ဆေးရပ်ပြစ်ခြင်း ဆေးပြောင်းသောက်ခြင်းကိုရှောင်ကျဉ်ပါ။
သင်ဟာ ဒီလိုရောဂါသည်တွေနဲ့အနီးကပ်နေထိုင်နေရတဲ့သူဆိုရင်---
• များသောအားဖြင့်အတက်ရောဂါရှိတဲ့သူတွေဟာ တစ်ယောက်ထဲ အိပ်ယာထဲမှာသေဆုံးနေတတ် တယ် ဆိုတာ သတိထားရပါမယ်
• ဒါကြောင့် တက်ပြီး ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ လောက် စောင့်ဆိုင်းပြီး လူနာအနားမှာနေပေးရပါမယ်
• လူနာရဲ့ ခြေလက်တွေကို မပေးပြီး အသက်ရှုနိုင်အောင်ကူညီပေးရပါမယ်
• လူနာတက်ပြီးတာနဲ့ အဆင်ပြေတဲ့ဖက်ကို စောင်းပေးရပါမယ်။ ဒါမှ ပါးစပ်ထ်ဲက ထွက်လာတဲ့ အမြှုပ် ၊ အရည်၊ သွေး စတာတွေ ထွက်လာမှာဖြစ်ပါတယ်။
ဒီလိုကြေကွဲဖို့ကောင်းတဲ့သေဆုံးခြင်းမဖြစ်ရအောင် ကာကွယ်ဖို့အတွက်သုတေသန ပညာရှင်တွေ ရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်

SUDEP ဖြစ်ဖို့ ကြောင်းရင်းတွေအများကြီးထဲကမှ သေဆုံးမှု့ကိုအများဆုံးဖြစ်စေတဲ့အကြောင်းရင်းတစ်ခုကတော့ နှလုံးမှာရှိတဲ့ လျှပ်စစ်လှုံ့ဆော်မှု့အား မမှန်ကန်လို့ဖြစ်ပါတယ်။

လူတဦး တက်နေပြီဆိုတာနဲ့ ဦးနှောက်မှာ ဆဲလ်တွေ ကစဉ့်ကလျားလုပ်ရှား ရုန်းကန်ကြပါတယ် ။ တစ်ချိန်တည်းမှာပဲ နှလုံးမှာရှိတဲ့ ဆဲလ် တွေ အဆက်မပြတ်လှုပ်ရှားလာပါတယ်။အခြေအနေနှစ်မျိုးဟာတစ်ချိန်တည်းမှာ အလွန်လျှင်မြန်စွာဖြစ် ပေါ်ပါတယ်။ သေဆုံးရခြင်းဟာ နှလုံးမကောင်းလို့ လို့ တစ်ထစ်ချ ပြောပြလို့မရပါဘူး။ တစ်ချို့လဲ နှလုံးမကောင်းပေမဲ့ ဘ၀မှာ အသက်ရှည်စွာနေထိုင် သွားကြတာလဲ တွေ့နိုင်ပါတယ်။

ပြုံးနေ ရယ်နေတုန်းမှာ အသက်ရှုခြင်းဟာ ခေတ္တခဏ ရပ်တန့်နေတတ်တာဟာ ပုံမှန်ပါ။

တက်တဲ့ပုံစံတွေ အမျိုးမျိုးရှိ သလို နှလုံးခုန်နှုန်းမြန်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေ လည်းအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ကျန်းမာရေးကောင်းမွန်တဲ့ပုံမှန်လူတွေမှာ

စိတ်ပူပင်မှု့များတဲ့အခါ ၊ ကော်ဖီများများသောက်လေ့သောက်ထရှိသူ နဲ့ လေ့ကျင့်ခန်းများများပြုလုပ်တဲ့သူတွေမှာ နှလုံးခုန်နှုန်းမြန်နေတာကို တွေ့နိုင်ပါတယ်။
တချို့နှလုံးခုန် မြန်တဲ့ အခြေအနေ ဖြစ်တဲ့ နှလုံးရောဂါ (Long QT syndrome) လို့ခေါ်တဲ့ နှလုံးရဲ့ လျှပ်စီးကြောင်းတွေ မမှန်မကန် ရုန်းကန်လှုပ်ရှားခြင်း ဟာ အရေးကြီးတဲ့ နှလုံးရောဂါ အဖြစ် တက်တဲ့သူအများစု သေဆုံးရတဲ့ အကြောင်းရင်းဖြစ်ကြောင်း သုတေသန တစ်ခုက ပြောထားပါတယ်။

ဒီလိုနှလုံးရောဂါ ရှိတဲ့သူများ ဟာ ရုတ်တရက်ပြာနှမ်းပြီးမူးလဲ သွားတတ်ပါတယ်။ ဒီ ရောဂါ အခြေအနေ ဟာ အတက်ရောဂါရှိသူ များမှာ ချက်ခြင်း သေစေနိုင်တဲ့အဓိက အချက်ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇ နဲ့သက်ဆိုင်တယ်လို့လဲ တစ်ချို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမဲ့ မျိုးရိုးဗီဇ မရှိပဲလည်းဖြစ်နိုင်ခြေရှိတယ်လို့လည်းတစ်ချို့က ဆိုပါတယ်။

နှစ်စဉ် ငယ်ရွယ်တဲ့ သူများ တက်ရင်းကသေဆုံးနေကြတာကိုကြေကွဲ စွာကြားနေကြရပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုယခုအချိန်အထိ မသိနိုင်သေးပေမဲ့ Long QT syndrome ဟာသေဆုံးရတဲ့ အဓိက ခြေအနေလို့ သံသယ ရှိနေဆဲဖြစ်ပေမဲ့ သုတေသန ပညာရှင်များ လည်း သက်သေပြနိုင်ခြင်းမရှိသေးတာကို တွေ့ရှိရပါတယ်။

ဒီသံသယ ရှိချက်ဟာနှစ်ပေါင်းများစွာ ရှိနေခဲ့ပါတယ်။ အရေးကြီးတဲ့ အဓိကအချက်အနေနဲ့လည်း ယခုအချိန်အထိ ရှိနေပါတယ်။ လူတစ်ဦး တက်တာ ဟာ ထိုသူ့မှာ ဒီနှလုံး မငြိမ်သက်မှု့ နဲ့အတူတူ သေဆုံးမှု့ကိုဖြစ်စေနိုင်ပါတယ်။
နှလုံးရောဂါနှင့်သက်ဆိုင်သောဓာတ်ခွဲခန်း လေ့လာချက်တစ်ရပ်က အထက်ပါနှလုံးရောဂါ သည်များဟာ အတက်ရောဂါ ဖြစ်တတ်ကြတယ်လို့တွေ့ရှိထားပါတယ်။

ဒီလိုရှာဖွေတွေ့ရှိတာဟာ SUDEP ရောဂါနဲ့သေနိုင်မဲ့သူတဦးဦးကိုတော့ သေဆုံးခြင်းကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

ယခုအချိန်ထိ အတက်ရောဂါရှိသူများဟာ ECG လို့ခေါ်တဲ့ နှလုံးစမ်းသပ်မှု့ကို ပုံမှန်မစစ်ဆေးတတ်ကြပါဘူး။ ဒါကလည်း နှလုံးရောဂါနဲ့ အတက်ရောဂါ ဆက်စပ်မှု့ ရှိ၊မရှိ တိကျသေချာတဲ့သက်သေ ပြချက် မရှိသေးလို့ပါပဲ။ ဒါပေမဲ့ သတိထားပြီး နှလုံးရောဂါရှိ၊မရှိ စမ်းသပ်လိုက်ပါ၊ ရောဂါတွေ့ပြီဆိုရင်တော့ နှလုံးအထူးကုနဲ့ အမြန်ကုသမှု့ခံယူပါ။


ဆရာဝန်များ ကလည်း အတက် ရောဂါရှိ တဲ့လူနာများကို EEG လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တိုင်းတာမှု့တွေပြုလုပ်သလိုပဲ ECG လဲ ပြုလုပ်ဖို့စဉ်းစားသင့်ပါတယ်။
လူနာများကလည်းကိုယ်ကြားဖူးနားဝရှိတဲ့အတွက် ECG စမ်းသပ်မှု့
ပြုလုပ်ချင်တဲ့အကြောင်း မိမိတို့ရဲ့ဆရာဝန်ကို တောင်းဆိုတင်ပြဖို့ ဒီနေရာကနေ ကျန်းမာရေးအသိပေးလိုက်ချင်ပါတယ်။

ဝက်ရူးပြန်ရောဂါ ခံစားနေရသူ များ ရုတ်တရက် သေဆုံးခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်လျှက်-----

Dr. Nan Nitra



မျက်စိအားကောင်းစေသော အာဟာရများ

လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။
လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ်ရောဂါတွေလို နာတာရှည် မျက်စိရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျစေနိုင်ကြောင်းလေ့လာမှုများစွာကဆိုထားပါတယ်။
ဗီတာမင် စီ
ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ ဗီတာမင်စီဟာ အတွင်းတိမ်ရောဂါ ဖြစ်နှုန်းကို လျော့ကျစေပြီး တခြားအာဟာရဓာတ်တွေနဲ့ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံဆုံးရှုံးမှုတို့ဖြစ်နှုန်းကို နှေးကွေးစေပါတယ်။
ဗီတာမင် အီး
ဗီတာမင်အီးရဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့်ကွေကာနဲ့ ကန်စွန်းဥတွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
မရှိမဖြစ် ဖက်တီးအက်စစ်
ကောင်းတဲ့အဆီဟာ လူတွေစားသုံးသင့်တဲ့အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြောစနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ အိုမီဂါ သရီးဖက်တီးအက်စစ်ဟာ အမြင်အာရုံအားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်းဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။
သွပ်ဓာတ်
သွပ်ဓာတ်ဟာ မျက်စိအတွက်မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ရောင်ခြယ်ဆဲလ်ဖြစ်တဲ့ မယ်လနင်ထုတ်လုပ်ဖို့အလို့ငှာ ဗီတာမင်အေကို အသည်းကနေ မြင်လွှာဆီကို ပို့ဆောင်ပေးတဲ့ကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရတွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေးသင့်ပါတယ်။
Tips!
ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဟာ အသက်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ မျက်စိကျန်းမာရေး သုတေသနတွေအရ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သိရှိခဲ့ပြီးပါပြီ။ ဒါကြောင့် မျက်စိကျန်းမာရေးကို အလေးထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Ref : Good Health


အခမဲ့ကျန်းမာရေး စမ်းသပ်ပေး

Posted by Popular News
မြန်မာနိုင်ငံဆရာဝန်အသင်း ခန်းမဆောင်၌ အခမဲ့ကျန်းမာရေး စမ်းသပ်ကုသပေးမှုကို မတ်လ ၅ ရက် နံနက် ၈ နာရီတွင် ကျင်းပ ခဲ့သည်။
အဆိုပါပွဲတွင် အရိုးပါးရောဂါ၊ နားနှင့်ပတ်သက်၍ မူးဝေခြင်းနှင့် ခါးနာရောဂါများအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ၄င်းရောဂါနှင့် ပတ်သက်သော ဝေဒနာရှင် ၃ဝဝ ကျော် ကုသမှုခံယူခဲ့ကြောင်း သိရ သည်။
၎င်းပွဲကို မြန်မာနိုင်ငံ ဆရာဝန် အသင်းနှင့် Eisai ဆေးကုမ္ပဏီတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။
ဇင်မို့မို့အေး၊ ကေ

ငှက်ပြောသီးခွံ၏ ကျန်းမာရေးအစွမ်း
Health_news_0305111.gif





No comments:

Post a Comment