- တိုင်းပြည်ကို ရောင်းစားနေပြီ ... ကဗျာရှင် (ကိုကိုအောင် ဆန်ဖရန်စစ္စကို)
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ_ ၁) ယခုအပတ်ထုတ် ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခွင့်ရရှိ...
- "ရင်ထဲက ရှစ်ဆယ့်ရှစ် နိဂုံးပိုင်း" ဆောင်းပါးရှင် (မောင်မောင်ဝမ်း)
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တဲ့လား... ဆောင်းပါးရှင် (အောင်မျိုးထွန်း)
တိုင်းပြည်ကို ရောင်းစားနေပြီ ... ကဗျာရှင် (ကိုကိုအောင် ဆန်ဖရန်စစ္စကို) Posted: 07 Sep 2011 07:06 AM PDT |
Posted: 06 Sep 2011 10:16 AM PDT မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ-၁-) ဆောင်းပါးကို ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခွင့်ရရှိခဲ့ပါသည်။ ယင်းဆောင်းပါးကို လွန်ခဲ့သည့် (၂)ပတ်ကျော်က ၎င်းပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြရန်အတွက် စာပေစိစစ်ရေးသို့ တင်ပြရာတွင် မူရင်းဆောင်းပါးမှ စာပိုဒ်အချို့အား စိစစ်ရေးမှ ဖြုတ်ပစ်ခဲ့သည့်အတွက် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ ဖြန့်ချိလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလူငယ်များအပေါ် အမြင်သဘောထားများအား ပြည်တွင်းထုတ် Messenger ဂျာနယ်က မေးမြန်းထားသည့် အင်တာဗျူးဖော်ပြ ခွင့်ရခဲ့ပြီး၊ 7 days News၊ The voice၊ Weekly Eleven၊ လျှပ်တပြက်၊ ဗီးနပ်စ် စသည့် ပြည်တွင်း ဂျာနယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ မေးမြန်းထားသည်များကိုလည်း ထည့်သွင်းဖော်ပြ ခဲ့ကြသည်ဟု သိရှိရသည်။ နိုင်ငံရေးသတင်း၊ ဆောင်းပါးများ အသားပေးဖေါ်ပြ ရေးသားပေးနေသည့် ပြည်သူ့ခေတ်ဂျာနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးသွား ဆောင်းပါးအား ပထမဆုံးအကြိမ် ဖော်ပြခွင့်ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ ဆရာမောင်ဝံသက ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်က ရေးတဲ့စာ အပန်းဖြေနားရက်များ) ဆောင်းပါးအား (၁၉.၇.၂၀၁၁) နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် ဂျပန်၊ အင်္ဂလိပ်နှစ်ဘာသာနှင့် ဖော်ပြခဲ့သေးကြောင်း သိရှိရပါသည်။ သတင်း၊ ဓာတ်ပုံ ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ |
"ရင်ထဲက ရှစ်ဆယ့်ရှစ် နိဂုံးပိုင်း" ဆောင်းပါးရှင် (မောင်မောင်ဝမ်း) Posted: 06 Sep 2011 09:59 AM PDT ဆောင်းပါးရှင် (မောင်မောင်ဝမ်း) အဲဒီလိုကြေငြာလိုက်တာနဲ့ တပြိုင်နက်ထဲ… ရပ်ကွက်အသီးသီးက လူထုက သူတို့နယ်မြေတွေကို လုံခြုံရေးအဖွဲ့တွေဖွဲ့… သက်ဆိုင်ရာ ပါတီ၊ ကောင်စီတွေ၊ ရဲတွေ၊ မိသားစုဝင်တွေကို လုံးဝကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး…. အကျိုးဆက်က ဘာဖြစ်လာသလည်းဆိုတော့ သူတို့မှာ ဈေးဝယ်စားစရာ ဘာမှမရှိတော့ဘူး… အဲဒီ့ကြေငြာချက်ကို လက်ကမ်းစာစောင်တွေနဲ့ ပါဝေတော့.. စာရိုက်တဲ့သူက ၂/၈၈ မှာ မျဉ်းစောင်းက ပါမလာဘူး …လူထုက ဘယ်လို ကောက်ချက်ဆွဲ ကြသလည်းဆိုတော့.. အစိုးရက ပုဒ်မ ၁၄၄ ထုတ်တာလူထုက မလိုက်နာဘူး..ကျောင်းသားတွေက ကြေငြာချက် ၂၈၈ ထုတ်တာ.. အကုန်လိုက်နာကြတယ်ဆိုပြီး ..ပြောဆိုနေကြတာ.. ကျနော်တို့တောင် သူတို့ပြောမှ သဘောပေါက်တယ်။ နောက်ရက်မှာ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်…။ ဒေသအုပ်ချုပ်ရေးက အစည်းပြေနေပြီ…။ အစိုးရအာဏာက မသက်ရောက်တော့ဘူး…။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂ သြဇာလွှမ်းမိုးနေတာတော့ ထူးထူးခြားခြား တွေ့နေရတယ်…။ မဆလ ပါတီ၊ ကောင်စီတွေကလည်း သူတို့ရုံးထဲကတောင် အပြင်မထွက်ရဲကြဘူး.. ရဲလုံခြုံရေးနဲ့ နေနေရတယ်…ဖြစ်ပျက် လာတဲ့ ကိစ္စအ၀၀ကို ကျောင်းသားသမဂ္ဂ ကတာဝန်ယူ ဖြေရှင်းနေရတယ်…။ အတွင်းရေးမှုးက စည်ပင်ကိုကိုင်တွယ်၊ ကျနော်က အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူ စသဖြင့်တာဝန်တွေ အသီးသီးခွဲဝေပြီး လုပ်နေချိန်မှာ သမ္မတ ဦးစိန်လွင် ရာထူးမှ နှုတ်ထွက်လိုက်ရပြီး ဒေါက်တာမောင်မောင် တက်လာတယ်… မာရှယ်လော ရုတ်သိမ်းပေးလိုက်ပြီး.. ဒေါက်တာမောင်မောင်က လူထုကိုလေပြေလေးနဲ့ စည်းရုံးတယ် ဒါပေမဲ့.. မရတော့ဘူး လူထုက အရှိန်ကောင်းနေပြီ ထိန်းလို့မရတော့ဘူး မြို့ကသက်ဆိုင်ရာ ပါတီ ကောင်စီတွေ အကုန်လုံးနီးပါး ရှောင်ပြေးကုန်ကြတယ်..။ ဒေါသထွက်နေတဲ့ လူထုက သည်းမခံနိုင်တော့.. သူတို့အိမ်တွေဝင် ဖျက်စီးဘို့လုပ်ကြတယ်…။ သတင်းရချိန်မှာတော့ ကျနော်တို့ခေါင်းဆောင်ပိုင်းတွေ အချိန်မှီ တားစီးနိုင်လိုက်ကြတယ်.. မဖျက်စီးဘို့ တောင်းပန်တယ်…။ ဒါပေမဲ့ သူတို့ အိမ်ထဲက ပစ္စည်းတွေကိုတော့ သိမ်းဆည်းခွင့်ပေးလိုက်တယ် ဒါတွေအကုန်လုံးကို သပိတ်စခန်းမှာ လေလံတင် ရောင်းချပစ်လိုက်ကြတယ်…။ ရလာတဲ့ ငွေကြေးတွေကို သေဆုံးသူ မိသားစုဝင်တွေ သွားထောက်ပံ့ကြတယ်။ မဆလ ပါတီ၊ ကောင်စီခေါင်းဆောင်ပိုင်းတွေ ထွက်ပြေးကုန်တော့… ဒေသကိုအုပ်ချုပ်ဘို့တာဝန်က ကျောင်းသားသမဂ္ဂ ခေါင်းပေါ်ကျလာတယ်လေ…။ သူတို့အားလုံးလည်း ထွက်ပြေးကုန်တော့… ရဲတွေက ကျနော်တို့နဲ့ လာပေါင်းတယ်….။ ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်…။ ရဲတွေ ဆန္ဒပြပွဲကို ၀င်ရောက်လာတုန်းကဆိုရင် အားလုံးက ကြောက်နေကြတာ.. ကျောင်းသားတွေက သူတို့ကို ၀န်းရံပေးထားတော့.. အေးအေးဆေးဆေးပါပဲ… အဲဒီနေ့မှာပဲ.. ရဲမြို့နယ်မှုးနဲ့ ကျနော်နဲ့ တွေ့တယ်…။ "ညီလေးတို့… အခုသက်ဆိုင်ရာ.. အာဏာပိုင်တွေဆိုတာလည်း မရှိတော့ဘူး… အုပ်ချုပ်ရေး ယန္တယား တာဝန်တွေက ..အကိုတို့ရဲတပ်ဖွဲ့နဲ့.. ကျောင်းသားသမဂ္ဂပေါ်မှာ ကျရောက်နေပြီ… ဒီတော့တို့ ပူးပေါင်းဆောင်ရွက်ရအောင် " "ကျနော်တို့က.. ကျောင်းသားတွေပါ။ မြို့နယ်မှုးကြီး… တကယ်တော့ အုပ်ချုပ်ရေးဆိုတာ နားလည် မလည်ပါဘူး ကျွမ်းလည်း မကျွမ်းကျင်ပါဘူး လိုအပ်တာရှိရင်.. ကျနော်တို့ကို အကြံပေးပါ" အားလုံးကလည်း သဘောတူကြတယ်…။ တခါမြို့နယ်မှုးက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ပိုင်းတွေကို ရဲလုံခြုံရေးပေးမယ့် အစီအစဉ်ကိုတော့ လက်မခံခဲ့ဘူး…။ ဒါပေမဲ့..သူက ကျနော့်ကို လုံခြုံရေးအရ အရေးကြီးကြောင်း စသဖြင့်အရှည်ကြီး ရှင်းပြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဘို့ဆို ခြောက်လုံးပြူး သေနတ်တလက် ထုတ်ပေးတယ်…။ ခက်တာက ကျနော်က သေနတ်ဆိုတာ ကိုင်တောင်မကိုင်ဘူးဖူး ပစ်လည်းမပစ်တတ်ဘူး ဟန်ကိုယ့်ဘို့ အနေနဲ့ အဲဒီ သေနတ်ကိုတော့ ယူထားလိုက်တယ်။ (ကျနော်ထောင်ကျတဲ့ အထဲမှာ အဲဒီ့အမှုက (၂)နှစ်ပါတယ် - အဲဒီ့မြို့နယ်မှုး အလုပ်ပြုတ်သွားတယ်)။ တကယ်တော့ အာဏာရှင်များဟာ အကွက်ကျကျ ယုတ်မာလိုက်တာပဲ ဖြစ်တယ်…။ အုပ်ချုပ်ရေး ယန္တယားကြီး ပြိုသွားအောင်လုပ်တယ်…။ ကျောင်းသားတွေဆိုတာ အုပ်ချုပ်ရေး ကျွှမ်းကျင်ကြတာမဟုတ်.. မတန်တဆ တာဝန်တွေက မထမ်းချင်လည်း ထမ်း ..ထမ်းချင်လည်းထမ်း ဖြစ်လာတော့တယ်…။ အဲဒီတော့ ကျနော့်ကို သတင်းစာတွေ စာစောင်တွေထဲကနေ ဝေဖန်ကြတော့တယ် (ကာလတခုမှာ စာပေလွတ်လပ်ခွင့် တော်တော်ရလိုက်ပါတယ်) ကျောင်းသားသမဂ္ဂ ဥက္ကဌ ပုလိပ်ထဲဝင်သွားခြင်း ဆိုပြီး ---ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ ကျနော့်မှာ ကိုယ်လုပ်ချင်တဲ့ နိုင်ငံရေးက ပျောက်သွားပြီး လူဆိုးသူခိုး ဆူပူမှုတွေ နှိမ်နင်းရတဲ့ အလုပ်တွေ လိုက်လုပ်နေရတယ် (တခုတော့ရှိတယ်.. အခုအသက်အရွယ် ရောက်လာမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပြောသွားသလိုပဲ အာဏာနဲ့ငွေဟာ လူတွေနဲ့ သိပ်မတဲ့ဘူးဆိုတာ သဘောပေါက်လာတယ်)။ လက်နှက်ကိုင်ပြီး ပါဝါပြနေရတာ… နည်းနည်း သဘောကျနေသလိုပဲ။ စဉ်းစားကြည့်ပေါ့ အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရင်ခုန်တတ်တာ ဓမ္မတာပဲလေ အဲဒီကာလမှာ မိန်းမချောလေးတွေဆိုတာ ၀ိုင်းရံနေကြတာ ကိုယ်ဘယ်ကို သွားချင်လည်း မော်တော်ကားဆိုတာ အသင့် ဘာစားချင်လည်း အလကား (ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ကာလက စိတ်အစဉ်ကို ပြန်ဆန်းစစ်ကြည့်မယ်ဆို အာဏာကို ယစ်မှုးခဲ့မိတာအမှန်ပဲ)။ ရေနံမြေကြီး တခုလုံးကလည်း ကျောင်းသားသမဂ္ဂလက်ထဲမှာ အဲဒီတော့ ဘာလုပ်သလည်းဆိုတော့ လက်နက်စက်ရုံက အနားယူလာတဲ့ တပ်ထွက် ရဲဘော်ဟောင်းတွေက ရှိတဲ့ပစ္စည်းတွေနဲ့ လက်နှက်တွေ လုပ်ကြတယ်….။ လက်လုပ် စိန်ပြောင်းတွေလုပ်တယ် (သူတို့ကတော့ စိန်ပြောင်းလို့ပဲသုံးတယ် ကျနော် လက်နက်အကြောင်း သိပ်နားမလည်ဘူး) ပစ်လိုက်ရင်တော့ တဒိန်းဒိန်းနဲ့ ဟုတ်နေတာပဲ နောက်တခါ ရေနံမြေက လမ်းလျှောက် စကားပြောစက်တွေ ရလာတယ်။ လှမ်းလျှောက်စက် တကိုင်ကိုင်နဲ့ သွားနေရတာကိုက ကျနော်တို့အားလုံးမှာ မြောက်နေကြတာ။ တနေ့တော့ ရပ်ကွက်တခုမှာ စကားများရန်ဖြစ်ပြီး မီးရှို့တာဖြစ်တယ်…။ ကျနော်တို့ဒေသက မီးဆို အရမ်းကြောက်ကြတယ်လေ မီးဒဏ် ခဏခဏခံခဲ့ရတာကိုး။ ကျောင်းသားသမဂ္ဂ လုံခြုံရေးအဖွဲ့တွေက သွားတားတာ မရဘူး ဒါနဲ့ ကျနော်လိုက်သွားတယ် ရဲမြို့နယ်မှုးကလည်း ကျနော့်ကို လှမ်းအကြောင်းကြားပြီး ရဲတွေလွှတ်ပေးမယ့် အကြောင်းပြောတော့ ကျနော်ကလက်မခံခဲ့ဘူး သူ့ဆီက လက်နက် ဆယ်လက်လောက်ကိုပဲ ခနငှားလိုက်တယ် (ပြီးတော့ပြန်ပေးပါတယ်)။ လုံခြုံရေးအဖွဲ့ထဲက ပစ်တတ် ခတ်တတ်တဲ့ သူတွေကို ရွေးထုတ်ပြီး ခေါ်သွားတယ်။ ဖြစ်တဲ့နေရာက ချိုင့်ထဲလိုနေရာမှာ ကျနော်က တောင်ကုန်းတခုပေါ်ကနေ မီးနဲ့ဆက်မရှို့ဘို့ လော်စပီကာနဲ့ အော်တော့မရဘူး မီးသတ်ကားက ငြိမ်းဘို့ ရောက်လာတာတောင် မီးသတ်ကားကိုခဲတွေ လောက်လေးဂွတွေနဲ့ပစ်လို့ ကားလည်း စုတ်ပြတ်သတ်သွားတယ် ၊ မရတော့ဘူး ဒါနဲ့ လက်လုပ် စိန်ပြောင်းနှစ်လက်ကို ထုတ်လာပြီး အပစ်ခိုင်းလိုက်တယ် လူတွေ မှန်အောင်တော့ မပစ်ပါဘူး။ (သေနတ်နဲ့ ဘာလို့မပစ်တာလည်းဆိုတော့ ကျည်ဆန်ကုန်မှာဆိုးလို့ လိုအပ်မှ ဘယ်လိုမှ မရမှ ထုတ်သုံးမယ်ဆို ဆုံးဖြတ်ထားတာ) ညအမှောင်ထုရဲ့ တိတ်ဆိတ်နေတဲ့အချိန်မှာ တဒုန်းဒုန်းနဲ့ ဆိုတော့ မြို့လူထုကလည်း ကြောက်ကြတာပေါ့……။ ကျနော်ဒီအလုပ်တွေ မလုပ်ချင်ဘူး...။ ဒါပေမယ့် မတတ်နိုင်ဘူး လုပ်ရတော့တယ်။ ဒီကြားထဲမှာ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို ထောင်ဖွင့်လွှတ်ပေးလိုက်တော့ အုပ်ချုပ်ရေးက ပိုဆိုးကုန်တယ် ကျနော်တို့ ဒေသမှာတော့ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် နိုင်အောင် ထိန်းနိုင်ခဲ့ပါတယ်။ သံဝေဂရစရာတခုက မြို့ရဲစခန်းအချုပ်ထဲက အချုပ်သား တရာကျော်လောက်က လွှတ်ပေးဘို့ဆန္ဒပြပါလေရော ရဲမြို့နယ်မှုးက ကျနော့်ကို လှမ်းခေါ်လို့သွားတော့ သူတို့ကရှင်းပြတယ် အချုပ်က ထမင်းကို တနေ့ တနပ်ပဲ ကျွေးနိုင်တော့တယ်...။ စားစရာရိက္ခာ အထောက်အပံ့က မလုံလောက်တော့ဘူး။ ဒါနဲ့ အဲဒီညနဲ့ မနက်အတွက် သပိတ်စခန်းကနေ ထမင်းတွေ ပို့ပေးလိုက်ရတယ် နောက်နေ့မနက်မှာ လာလွှတ်ပေးမယ်။ ကတိပေးလိုက်လို့ ထွက်လာလိုက်တဲ့ အချုပ်သားတွေအသံက တမြို့လုံးကကို ကြားနေရတာ...။ နောက်နေ့ မနက်ရောက်တော့အချုပ်သားတွေကိုလွှတ်ပေးဘို့ သွားတယ် တရားရုံးတခုကအခန်းထဲမှာရော အပြင်မှာရောအားလုံးကိုထိုင်ခိုင်းလိုက်ပြီး သြ၀ါဒတွေချွေရတာပေါ့လေ ဥပဒေအရာရှိ (နောင်တရားသူကြီး)ရော ရဲမြို့နယ်မှုးရောပါတယ်…။ ကျနော့်အလှည့်ရောက်တော့ "ခင်ဗျားတို့ကို ကျောင်းသားသမဂ္ဂ တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်အရ လွှတ်ပေးမယ်..။ ဒါပေမဲ့ ဒေသတွင်း လုံခြုံရေးကိုတော့ ပျက်ပြားအောင် မလုပ်ပါနဲ့ ပျက်ပြားအောင် လုပ်မယ်ဆိုရင် ခင်ဗျားတို့ကို ထိန်းသိမ်းထားစရာ နေရာမရှိဘူး…သဘောပေါက်လား " " ပေါက်ပါတယ်….." " အဲဒီတော့ အဲဒီ့အချက်ကိုချိုးဖောက်မယ်ဆိုရင် ပစ်သတ်မယ် " အားလုံးက " ကျနော်တို့ ကတိပေးပါတယ် ကျနော်တို့ ကျောင်းသားတွေ အနှောက်ယှက်ဖြစ်အောင် မလုပ်ပါဘူး " အားလုံးကို ကျနော်တို့ လွှတ်ပေးလိုက်တယ်။ (အဲဒီ့အချိန်က ပြောခဲ့တဲ့စကားတွေကို ပြန်သတိရတိုင်း အရမ်းရှက်မိတာအမှန်ပါ။ …ကျနော် အသက်နှစ်ဆယ်ကျော် အရွယ်မှာ အာဏာသုံးပြီး မောက်မောက်မာမာ ပြောခဲ့တဲ့စကားတွေကို အခု စစ်အာဏာရှင်များက အသက် ငါးဆယ် ခြောက်ဆယ်ကျော် အရွယ်တွေဖြစ်ရဲ့နဲ့ မောက်မောက်မာမာ ပြောပြောနေတော့ စဉ်းစားမိတယ်။ သြော် ငါက အသက်နှစ်ဆယ်ကျော် အရွယ်မှာပြောခဲ့တာ.. သူတို့က ဒီအသက်အရွယ်မှာဆိုတော့ သူတို့အတွေးအခေါ် ဆင်ချင်တုံတရားက အသက်နှစ်ဆယ်ကျော် လူငယ် တယောက်လောက် ပါပဲလားဆိုပြီး စဉ်းစားမိတယ်) သံဝေဂ ရစရာဆိုတာကတော့ ကျနော့်ကို ထောင်ချတဲ့အခါ အဲဒီ့ရုံးခန်းအတွင်းမှာပဲ..။ တရားသူကြီးက ကျနော်ထိုင်ခဲ့တဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး ကျနော့်ကိုထောင်ချခဲ့တာပါ။ တကယ်တော့ အသက်နှစ်ဆယ်ကျော်အရွယ် ကျောင်းသားတွေ အနေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကို ကိုင်တွယ်ဘို့ဆိုတာ အတော်မလွယ်ကူတဲ့ ကိစ္စပါ…။ ကျနော်တို့မှာ ဘာအတွေ့အကြုံမှလည်း မရှိ… ဘာပညာရပ် မှလည်းမရှိ တော်တော့်ကို ကသောင်းကနင်း နိုင်လှပါတယ်။ လူထုခမျာလည်း အားကိုးစရာ အခြားမရှိလေတော့ အိမ်မှာ ဒန်အိုး ဒန်ခွက်ပျောက်တာက အစ ကျောင်းသားသမဂ္ဂကို လာတိုင်တန်းကြတယ် တတ်နိုင်သလောက်လည်း လုံခြုံရေးအဖွဲ့ဝင်များက ရှင်းပေးကြပါတယ်။ ဒီလိုနဲ့ အတတ်ပညာရှင်များကလည်း တတ်သည့်ပညာ မနေသာဆိုသလို လွတ်လပ်သွားတဲ့ ကာလလေးတခုမှာ လွတ်လွတ်လပ်လပ် တီထွင်ကြတယ် ရေဒီယိုပညာရှင် ဆရာဦးသန်းစိန်က အသံလွှင့်ဌာန အသေးစားလေးတခုကို ထူထောင်တယ်။ သိပ်အဝေးကြီးတော့မရပါဘူး မိုင် ၂၀ ပတ်လည် လောက်တော့ရတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျောင်းသားသမဂ္ဂ ကအရေးကြီးတဲ့ကိစ္စရပ်တွေ ကြေငြာချက်တွေကို အရင်လို လောစပီကာကြီးတွေနဲ့ လိုက်အော်စရာ မလိုတော့ဘူး အသံလွှင့်ဌာနကနေ ကြေငြာလိုက်ယုံပဲ ဟန်တော့ကျတယ်။ ကျနော်ဆို နေ့ဘက်မှာ တာဝန်တွေ ထမ်းဆောင်လိုက် ညဘက်ဆို အားဆေးပုလင်း ချိတ်ပြီးနေ့စဉ် နီးပါးလောက် ဆေးသွင်းနေရတယ်။ တခါတလေ အရေးပေါ်လာရင် သွင်းလက်စ အားဆေးပုလင်းကို ဇွတ်ဖြုတ်ခိုင်းပြီး ပြေးရတော့တာပဲ။ ….ဒီကြားထဲ ဦးနု က အစိုးရအဖွဲ့ဖွဲ့လိုက်တော့ ကျနော်တို့က ဘာလုပ်ရမှန်းလည်း မသိဘူး…။ တယောက်က လာပြောတယ် ထောက်ခံလိုက် ဒါအရေးကြီးတယ် အားလုံး ၀ိုင်းထောက်ခံ ကြပါဆိုတော့ ရေဒီယိုအသံလွှင့်ဌာနကနေ ကျောင်းသားသမဂ္ဂ အာဘော်ကို ထုတ်လွှင့်လိုက်တယ်…။ နောက်မကြာဘူး နောက်တဖွဲ့က ဒါထောက်ခံရမဲ့ ကိစ္စမဟုတ်ဘူး ပွဲလန့်တုန်း ဖျာဝင်ခင်းတာ မင်းတို့ထောက်ခံလိုက်ရင် တိုင်းပြည်ဘာဖြစ်သွားမယ် ထင်သလဲဆိုတော့ စောစောက ထောက်ခံချက်ကို ပြန်ရုတ်သိမ်းရ (ဘာတွေဖြစ်လို့ ဖြစ်ကုန်မှန်းကိုမသိတော့)။ ဒီလိုနဲ့ ကျနော်နဲ့ ကျောင်းသားအချို့ ကျောက်ပန်းတောင်းမြို့ ကျောင်းသားသမဂ္ဂနဲ့ သွားတွေ့အပြီး အပြန် ညနေခင်းလောက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတဲ့အကြောင်း သတင်းဆိုးကို ကြားလိုက်ရတယ် ရေဒီယိုကလည်း စစ်သီချင်းတွေ အဆက်မပြတ်လွှင့် ကြေငြာချက်တွေ အဆက်မပြတ်ကြေငြာနဲ့ အားလုံး လှုတ်လှုတ်ရွရွတွေ ဖြစ်ကုန်ကြတယ်…။ ဘာဆက်လုပ်ကြမလည်း ခေါင်းဆောင်ပိုင်းတွေအားလုံးက ဆုံးဖြတ်လိုက်တယ် ရှိတဲ့လက်နက်တွေနဲ့ ခံချမယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းအပြီး နောက်ရက် ၁၉ ရက်နေ့မှာ တမြို့လုံး ချီတက် ဆန္ဒပြတယ်။ ကျနော်တို့ စစ်တပ်ကို ခံချမယ်ဆိုတဲ့ အကြောင်းကိုလည်း လူထုကို အသိပေးလိုက်တယ် မြို့လူထုက ထိတ်လန့်နေကြပြီ။ ၁၉ ရက်နေ့ညမှာ ကျနော်တို့တတွေ မြို့တောင်ဖက်ဖျားက ကမ်းပါးနှစ်ခုကို ဆက်ထားတဲ့ တံတားကို ရေနံမြေက ယူလာတဲ့ ယမ်းတွေနဲ့ ကျွမ်းကျင်သူများက မိုင်းတွေတပ်ဆင်ကြတယ်။ ရှိတဲ့လက်နက်တွေနဲ့ ခံဆော်ကြမယ်။ ည ၁၁ နာရီလောက်ရောက်တော့ မြို့မိမြို့ဖ လူကြီးတွေရောက်လာကြပြီး မျက်ရည်စက်လက်နဲ့ တောင်းပန်ကြတယ်။ ဒီလို မလုပ်ဘို့ ဒီလိုသာလုပ်မယ်ဆိုရင် မြို့နာလိမ့်မယ် ဆိုတာကို ရှင်းပြကြတယ်။ ဒါပေမဲ့ ကျနော်တို့အများစုက လက်မခံခဲ့ဘူး မနက် ၁ နာရီလောက်အရောက်မှာ ဗုန်းပေါက်ကွဲသံကြီးတခုက တော်တော့်ကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပြီ။ ဘာပဲပြောပြော အားလုံးက ကြောက်ရွံ့ကုန်ကြတာတော့အမှန်ပါ (အဲဒီ့ဖြစ်ရပ်က ကျနော်တို့ကို ကယ်သွားတာပါ တကယ်က စစ်တပ်ကလည်း ကျနော်တို့နဲ့ ၆မိုင်လောက်အကွာမှာ ရောက်နေပြီ၊ ဗုန်းက ကျနော်တို့လည်းမဟုတ်၊ စစ်တပ်ကလည်းမဟုတ်၊ ကြားထဲက ထပေါက်ကွဲတာ၊ ဗုန်းဆံအဟောင်းတလုံးကို လူတစုက ဖောက်ခွဲလိုက်တာ။ စစ်တပ်ကလည်း ကျနော်တို့လို့ထင် ကျနော်တို့ကလည်း စစ်တပ်လို့ထင်နဲ့ မြို့ကိုသိမ်းမဲ့စစ်တပ်က ရှေ့ဆက်မတက်တော့ပဲ နောက်ကြောင်း ပြန်လှည့်သွားတယ် ကျနော်တို့ကလည်း ဒီပုံဆို အခြေနေမကောင်းဘူးဆို ပြန်ဆုတ် တပ်ဖျောက်လိုက်ကြတော့တယ်။ နောက်မနက်လင်းလို့ ၂၀ ရက်နေ့ရောက်ခါမှ စစ်တပ်က ၀င်သိမ်းတယ်။ ကျနော်တို့အားလုံး ရှောင်တိမ်းပြီး ပုန်းအောင်း နေခဲ့ကြတယ်။ စစ်တပ်ကတော့ အပြီးတိုင် သပိတ်စခန်းကို ၀င်သိမ်းလိုက်ပြီ ကျနော်တို့ တော်တော် ၀မ်းနည်းခဲ့ကြရတယ်။ ဘာတတ်နိုင်မှာလည်း ကျနော်တို့မှာ ပြန်လည် တွန်းလှန်ဘို့ဆိုတာ မဖြစ်နိုင်။ စစ်တပ် အာဏာသိမ်းမှုမှာတော့ သေဆုံးမှုမရှိခဲ့ဘူး။ လွန်ခဲ့တဲ့ (၂၃) နှစ်က ပုံရိပ်တွေဟာ ကာလကြာခဲ့ပေမဲ့ အစဉ်မြဲ ထင်ဟပ်နေဆဲပါ…။ ကျနော် သေဆုံးသွားသည့်တိုင် ရှစ်ဆယ်ရှစ်ရဲ့ သမိုင်းတခေတ်ဟာ ရင်ထဲမှာ ကျန်ရစ်နေဦးမလား……..။ အားလုံးကို လေးစားစွာဖြင့် (မောင်မောင်ဝမ်း) |
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တဲ့လား... ဆောင်းပါးရှင် (အောင်မျိုးထွန်း) Posted: 06 Sep 2011 08:40 AM PDT အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တဲ့လား... ဆောင်းပါးရှင် (အောင်မျိုးထွန်း) "အင်တာနေရှင်နယ်ဒေး အော့ဖ် ဒီမိုကရေစီ" ကို နေပြည်တော်မှာ ကျင်းပမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌက အိုဟေးကင်တားနားကို သတင်းပါးလိုက်ပြီးတဲ့နောက်မှာ ကြံ့ဖွံ့အစိုးရရဲ့ "ဒီမိုကရေစီနေ့"ဆိုတာ ဘယ်လိုဟာ မျိုးပါလိမ့်လို့ တွေးနေမိပါရဲ့ ။ကျွန်တော်တို့ဆီမှာ ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာဘဲ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သူ့အဖွဲ့ဝင်နိုင်ငံများမှာ ဒီမိုကရေစီစနစ်ထွန်းကားလာရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆိုတာကို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။ ၁၅ ရက်၊ စက်တင်ဘာလဟာ သံဃာတော်တွေ ဦးဆောင်မှုနဲ့ လူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှုကြီး လှိုင်းတံပိုး ပြင်းထန်ခဲ့တဲ့ ရက်တွေမို့ တိုက်ဆိုင်လွန်းလှ ပါတယ်။ နေပြည်တော် ပြည်ထောင်စုလွှတ်တော်က ကြီးမှူးကျင်းပမယ့် ဒီမိုကရေစီနေ့အတွက် အမတ်မင်းတွေ၊ ၂၀၁၀ရွေးကောက်ပွဲဝင် ပါတီတွေ၊ ပြည်တွင်းမီဒီယာတွေနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေအပြင် ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေးသမားများကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေဘက်က အဲဒီအခမ်းအနားထံ ဒီမိုကရေစီသ၀ဏ်လွှာများကို ပေးပို့ ဖတ်ကြားဖို့  ဟန်ရေးတပြင်ပြင် ဖြစ်နေပါတယ်။ အာဏာရှင်ဦးနေ၀င်းရဲ့ တစ်ပါတီစနစ်အောက်မှာ "ဒီမိုကရေစီရရှိရေး ဒို့အရေး"၊ "တစ်ပါတီစနစ်ဖြုတ်ချရေး ဒို့အရေး"၊ "အရေးတော်ပုံ အောင်ရမည်" ဆိုပြီး ချွေးသံတရွှဲရွှဲ သွေးသံတရဲရဲနဲ့ အကြောက်တရားမဲ့ စွန့်စားခြင်းကြီးမားစွာ အာခံပုန်ကန်ခဲ့တဲ့ တကယ့်ဒီမိုကရေစီသမားတွေ ပါဝင်ပတ်သက်နိုင်ခြင်းမရှိတဲ့ နေပြည်တော်က ဒီမိုကရေစီနေ့ကို ကျွန်တော်တို့ တတွေ ဘယ်လိုလုပ်ပြီး ခံစားပေးရမှာလဲ။ မြန်မာနိုင်ငံအနှံ့ အပြားက အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ ဒီမိုကရေစီယုံကြည်သူများကို ဆေးဖော်ကြောဖက် မလုပ်နိုင်တဲ့၊ ဥပေက္ခာပြု ကျောခိုင်းထားပြီး နိုင်ငံရေးသမားအမတ်မင်းများ စုံစုံညီညီ ကျင်းပကြလေသော ဘယ်လို ဒီမိုကရေစီနေ့ မျိုးကိုမဆို ကျွန်တော် စိတ်မ၀င်စားပါ။ ထောင်ထဲကသူတွေ မပါတဲ့ ဒီမိုကရေစီနေ့ ဆိုတာ ဆားမပါတဲ့ဟင်းလိုပါဘဲ။ အောင်မျိုးထွန်း ၆- ၉- ၂၀၁၁ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment