ဖက်ဒရယ်ပြည်ထောင်စု (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) Posted: 08 Sep 2011 12:04 AM PDT ကျနော့်ကို တချို့သော စာဖတ်ပရိတ်သတ်များက (အတော်များများက) မြစ်ဆုံရေကာတာ ကိစ္စကို ရေးသားပါရန် အတန်တန် ရေးလာကြပါတယ်။ ကျနော် မြစ်စုံရေကာတာကိစ္စကို တိတိပပ မသိထားတာလဲရှိ အခုတလော လွှတ်တော်မှာလဲ ငြိမ်းချမ်းရေးကော်မတီ နောက် ပြည်တွင်းမှာ စစ်ပွဲတွေ တဖန်ပြန်ထလာပြီး ပြည်တွင်းငြိမ်းချမ်းရေးက တစခန်းထလာတော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ စဉ်းစားလာတာနဲ့အမျှ ကျနော်တို့နိုင်ငံရဲ့ တန်းတူညီမျှရေး ဖက်ဒရယ်မူဆိုတာက ပါလာပါတယ်။ ဒီကိစ္စက မြစ်ဆုံရေကာတာထက် ကျနော်ကို ပိုတွန်းလှုံ့ဆော်နေတာမို့ ဖက်ဒရယ်မူဆွေးနွေးတာကို စတင်လိုက်ပါတယ်။ နားလည် ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ ဒီပြည်ထောင်စုမူဆိုတာ တိုင်းပြည်ရဲ့ အရေးဖြစ်တာမို့ အားလုံးနဲ့ သက်ဆိုင်နေသလို ဦးနေ၀င်းလက်ထက် မတိုင်ခင်က စတင်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ မြန်မာတွေကြား အစဉ်အဆက်ပြသနာမို့ ခေါက်ထားလို့ မရသလို မဖြေရှင်းလို့ မရတဲ့အရေးမို့ ဖြစ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်လေ တိုင်းပြည်တခုလုံး ပြည်ထောင်စု တခုလုံးအတွက် အကျိုးပိုရှိလာမယ့် အရေးဖြစ်နေလို့ပါ။ အခုဖက်ဒရယ်မူကိစ္စကိုလဲ မူတွေကို အသေးစိတ် ထောက်ပြနေတာ မဟုတ်ပါ။ မူရဲ့အခြေခံ အကြောင်းအရာတွေကိုသာ ထောက်ပြမှာပါ။ အခြေခံကိုက ညှိနှိုင်းစရာတွေ အများကြီးရှိနေလို့ပါ။ ဖက်ဒရယ်ဆိုတာ မဖတ်ကြမှီ ပထမဦးဆုံးပြောလိုတာကတော့ အခုဒီဖက်ဒရယ်မူကို ရေးလိုက်တာဟာ ပွဲဆူအောင် ရေးတယ်လို့ မထင်မိကြဖို့ပါ။ ဘာလို့လဲဆိုတော့ ကျနော်ရေးမှာက ကျနော့်အမြင် မြင်နေတာက ၁၉၈၀ ကျော်ဝန်းကျင်ကထဲက။ အဲဒီမတိုင်ခင်ကတော့ ပင်လုံသဘောတူညီချက်ကို ဘယ်သူ့ ဆီကမှ မသိနိုင်တော့ ပြည်ထောင်စုနေ့ဆိုတာ နှစ်ပေလောက်ရှိတဲ့ အလံလေးကို ဟန်ပြပြီး ပွဲတော်လုပ်နေတဲ့ လိမ်ညာမှုတခုလို့ဘဲ မကျေမနပ် ရှိနေရတာကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ၁၉၈၀-ကျော်စတွင် ဦးနေ၀င်းရဲ့ အနီးကပ် လုံခြုံရေးအရာရှိကြီး လက်ပြတ်ကြီးဦးစိန်မြင့်က သူသိထားသလောက်ကို ရှင်းပြတော့မှ ပင်လုံသဘောတူညီချက်ကို အတော်အတန် သိလာခဲ့ရတာပါ။ အဲဒီမှာ တိုင်းရင်းသားတွေရဲ့ ရှစ်ပြည်နယ်မူ ဆိုတာကို ဦးခွန်ထွန်းဦး ကစရှင်းပြလာတော့ နောက်မကြာခင် သူနဲ့ကျနော် အတော်လေး အကြောက်အကန် ငြင်းကြခုံကြရပါတယ်။ ဒီလိုနဲ့ ၈၈၈၈-ကာလဘက် နီးလာတယ်။ ရှစ်လေးလုံးကာလမှာလဲ ကျနော် သပိတ်စခန်းက ၃၁-လမ်း။ သူ့ရုံးခန်းက ဘားလမ်း။ ရန်ကုန်တိုင်း ရှေ့နေများကောင်စီ ရုံးခန်းပေါ့။ ဆုံကြပြန်သေးတယ်။ ကျနော်တို့က အမေရိကန်သံရုံး ဆင်ဝင်အောက်မှာ (သံရုံးကကူညီတာပါ) ဟောပြောပွဲစင်မြင့်နဲ့။ ကျနော်က တခါမှ တက်မဟောပါဘူး ကျနော့်ချာတိတ် ထိပ်ထိပ်ကြဲလေးတွေ။ အာဃသတ္တိရှင်လေးတွေ။ လူလေးတွေက အသက်က ၁၅ ကနေ ၁၈ ကြားဘဲရှိသေးတဲ့ ချာတိတ်လေးတွေ တက်ဟောတယ်။ နားထောင်သူပရိတ်သတ်က လမ်းအပြည့်ဘဲ။ ဒီလိုနဲ့အရေးအခင်းအပြီး ရွေးကောက်ပွဲ အကြိုကာလကထည်းက ဦးခွန်ထွန်းဦးရဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ပါ ဖက်ဒရယ်ပြည်ထောင်စု (စစ်စစ်)မူ ဆွေးနွေးကြတိုင်း တချို့တလေက ဒေါသတွေ ပါပါလာတတ်ကြပါတယ်။ သူတို့က ကျနော်တို့ကို ဗမာ-မဟာ လူမျိုးကြီးဝါဒ လို့စွပ်စွဲပြီး လူမျိုးကြီးဝါဒနဲ့ အရောင်ဆိုးပြီး ၀ါးလုံးသိမ်း ရမ်းတော့တာပါဘဲ။ သူတို့လို ရှမ်းလူမျိုး ရှမ်းပြည်နယ်သား ပင်လုံဦးခင်မောင် (ပင်လုံစာချုပ်မှာ ပါဝင်ခဲ့သူ)နဲ့ ရှမ်းလူမျိုး တောင်ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခင်တို့နဲ့ကျတော့ ဆွေးနွေးရတာ အမြင်နီးစပ်ပါတယ်။ နောက်ဆုံးဦးခွန်ထွန်းဦး အဖမ်းမခံရခင် ရက်ပိုင်းလေးမှာကို ကျနော်က အတန်တန် သတိပေးပါတယ်။ ရှစ်ပြည်နယ်မူကို မဟပါနဲ့။ ဒါစစ်တပ် သိပ်အကြိုက်တွေ့နေတဲ့ ကြောင်ကြီးရဲ့အမြှီးတံတိုဘဲ။ သူကလည်းမရဘူး ရှစ်ပြည်နယ်မူကမှ ပြည်ထောင်မူစစ်တာဆိုပြီး။ တခါထောင်ထဲမှာလဲ ဘယ်သူက ဖွပေးတယ်မသိဘူး။ နှစ်ကြိမ် တိုင်းရင်းသားအဖွဲ့တွေ ကျနော့်အခန်းကိုလာပြီး ရှစ်ပြည်နယ်မူကို ခင်ဗျားက ကန့်ကွက်တာ ဘာလဲ ရှင်းစမ်းပါအုံးပေါ့။ သေသေချာချာ ရှင်းပြလိုက်ပါတယ်။ တခါ ပြည်ပရောက်တော့လဲ ဘန်ကောက်မှာတင် နိုင်ငံရေးအဖွဲ့ တခုနဲ့ ထိစပ်မိတာကနေ ဘယ်ကနေဘယ်လို သူတို့ဆီကို သတင်းက ရောက်နေတယ်မသိဘူး ခင်ဗျားက ရှစ်ပြည်နယ်မူကို လက်မခံနိုင်ဘူးဆိုတာ လုပ်လာပါလေရော။ တခါ သြစတြေးလျမှာလဲ ၂၀၀၈- ဖေဖေါ်ဝါရီလ မှာ အဲဒီတုန်းက အခု Burma Campaign Australia က ဘဏ္ဍာငွေက တောင့်တင်းနေတုန်းဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံလုပ်ပါတယ်။ တနေကုန် ဆွေးနွေးပွဲကြီးကို နှစ်ရက်လုပ်ပါတယ်။ အဲဒီိမှာ တိုင်းရင်းသားအများစုက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး (ဖက်ဒရယ်ကိစ္စ) တပြိုင်ထဲလုပ်ရမယ် တောင်းဆိုလာပါတယ်။ အဲဒီလို တောင်းဆိုလာတော့ မြန်မာတွေက လက်ရှောင် ထွက်သွားကြပါတယ်။ အားလုံးကဗျောင်ဘဲ။ ကျနော်မပါဘူးဆိုပြီး ထွက်သွားကြပါတယ်။ အခု တီဗွီတွေ ရေဒီယိုတွေအပေါ်မှာ အင်တာဗျူးနေတဲ့ ဆရာကြီးများ အကုန်လက်ရှောင် ကြပါတော့တယ်။ နောက်ဆုံးတော့ တိုင်းရင်းသားတွေ အများနဲ့ ကျနော်တဦးတည်း ဆွေးနွေးကြရပါတော့တယ်။ ဘိုမတွေ၊ ဘိုတွေ ထိုင်နားထောင်ပေးပြီး ကြပ်မတ်ပေးထားကြပါတယ်။ အဓီက ပြောလိုတာကတော့ စစ်တပ်ကရေးထားတဲ့ အခုနာဂစ်အခြေခံဥပဒေနဲ့ နယ်စပ်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေ ဦးဆောင်ရေးထားတဲ့မူ (ပြည်ထောင်စုစစ်စစ်မူ @ ရှစ်ပြည်နယ်မူ/ NCUBမူ) ဆိုတာနှစ်ခုကတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ဖြစ်နေပါတယ်။ ဘယ်လိုမှ မနီးစပ်နိုင်ပါဘူး ။ တိုင်းရင်းသားတွေက ၂၀၀၈- မှာတော့ ရှစ်ပြည်နယ်မူကနေ ၁၀-ပြည်နယ်မူ ဆိုပြီး ပြည်နယ်နှစ်ခုတိုး သတ်မှတ်လာပါတယ်။ နောက်ထပ်ထပ်တိုး ပြည်နယ်တွေအတွက်ပါ ကွက်လပ်လေးနှစ်ခု ပြထားပါသေးတယ်။ အမှတ်စဉ်လေး - ၁၂ အထိ ထိုးထားလိုက်ပါသေးတယ်။ တခါစစ်တပ်ကဆွဲတဲ့ နာဂစ်-၂၀၀၈-ဥပဒေကတော့ ဒီမိုကရေစီဆိုတာ အနံ့လေးလောက်ဘဲပါတာပါ။ ဆွေးနွေးစရာမလိုတော့လို့  ခေါက်ထားလိုက်ပါတယ်။ နောက်တခု အဓိကထားပြောလိုတာကတော့ ၁၉၆၂ -နှစ်ဖေါ်ဝါရီလမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာ(ဗမာ)မပါဘဲ တိုင်းရင်းသားတွေက ပြည်ထောင်စု (စစ်စစ် )မူ / ရှစ်ပြည်နယ်မူကို တင်ဖို့လုပ်လာတော့ ဒီကိစ္စကို အခွင့်ကောင်းယူပြီး ဦးနေ၀င်းက အာဏာသိမ်းလိုက်တာပါဘဲ ။ ဦးနေ၀င်း အာဏာသိမ်းတော့ တိုင်းပြည်ပြိုကွဲမယ့် အရေးကနေ ကာကွယ်ဖို့ပေါ့။ အဲဒီအချိန်က မြန်မာနိုင်ငံရေးသမားတွေက ဦးနေ၀င်းရဲ့ အကြောင်းပြချက်ကို သိပ်အကြောက်အကန် မငြင်းနိုင်ခဲ့ကြပါဘူး။ မြန်မာ(ဗမာ) လူမျိုးဘက်ကနေ ကြည့်တော့ ဗမာတွေအတွက် ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခုဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။ ဒီရှစ်ပြည်နယ်မူကို ဗမာကိုယ်စားလှယ်တွေက လက်မခံနိုင်ကြပါဘူး။ လက်ခံဖို့ သိပ်ခက်နေပါတယ်။ လက်မခံတော့ တိုင်းရင်းသားတွေဘက်က ဒါမဟာလူမျိုးဝါဒ ဆိုတာကို တွင်တွင် အော်တော့တာပါဘဲ။ ဒါပေမဲ့ လွတ်တော်မှာက အဖွဲ့တွေ အကွဲကွဲဖြစ်နေချိန်ကို တိုင်းရင်းသားတွေက အခွင့်ကောင်းယူလာတယ်လို့ တပ်မှုးတွေက လုံးဝယူဆထားကြပါတယ်။ အခုဒီမိုကရေစီ အနံအသက်လေး တစတစ ရှုလာရပြန်တော့ တိုင်းရင်းသားလူမျိုးစုတွေက ပင်လုံစိတ်ဓါတ်ဆိုပြီး တခါဒီရှစ်ပြည်နယ်မူကို ထပ်မံဖြည့်စွက်ထားတဲ့ ၁၀-ပြည်နယ်မူဆိုတာ အခုကိုင်ထားကြပါတယ်။ တခါစစ်တပ်ကလဲ စစ်တပ်အာဏာ ဖြေလျှော့လိုက်ရရင် ပြည်ထောင်စု စစ်စစ်မူတင်လာရင် ပြည်ထောင်စုကြီးပြိုကွဲပြီး အာရှဘော်လကန်အရေးအခင်း (အာရှဘောစနီးယား) သေချာပေါက်ဖြစ်လာမယ်လို့ အာဆီယံကို အတိအလင်းပြောထားတာ အကြိမ်ကြိမ်ပါ။ အာဆီယံ နိုင်ငံတွေကလဲ စစ်တပ်အမြင်ကို မငြင်းနိုင်သလို အာဆီယံအဖွဲ့ဝင်တချို့ကပင် အာရှဘော့စနီးယား ဖြစ်လာမယ်လို့ကို စစ်တပ်ဘက်ကနေ ထောက်ခံထားကြပါတယ်။ အဲဒီတော့ ကနေ့လွတ်လပ်မှုလေး တစတစဖွင့်ပေးလာတာကို ကျနော်တို့က အမျှော်အမြင်ကြီးကြီး သဘောထားကြီးကြီးနဲ့ လိမ္မာစွာယူကြမလား စားခွက်လုကြမလား။ စစ်တပ်ကတော့ ၂၀၀၈-နာဂစ်မူမှာ ပြည်ထောင်စုပြိုကွဲမဲ့အရေး ပြည်တွင်းစစ်မီးကြီိး တောက်လောင် လာနိုင်ချေရှိရင် စစ်တပ်ကို အာဏာပြန်လွှဲပေးရမယ် (အာဏာသိမ်းတာ မဟုတ်နော်) ဆိုတာကိုထဲ့ထားတယ်။ စစ်တပ်အာဏာသိမ်းလဲ ချမယ်။ ဘော်လကန်လို လွတ်လပ်ရေး ယူပစ်မယ်လို့ ဆုံးဖြတ်ထားကြရင်တော့ မသိဘူး။ ရှစ်ပြည်နယ်မူဘဲ ပြောကြပါစို့။ အခုရှစ်ပြည်နယ်မူဆိုတာကို မြန်မာ(ဗမာ) အများစု သဲသဲကွဲကွဲ သိရအောင် ကျနော်အမြင်လေးကို ရေးပြချင်ပါတယ်။ ဗမာထဲကလဲ ကျနော်နဲ့ အမြင်မတူ နိုင်သူများလဲရှိပါမယ်။ တဖန်အမြင်တူသော်လဲ ကိုယ်အသက်အန္တရယ်ကို စိုးရိမ်ရလို့ (တတိယနိုင်ငံမှာ နေသူတွေတောင် လန့်ကြပါတယ်ဆိုတာ ဘာကြောင့်ပါလိမ့် ကျနော်တော့မသိဘူး) ကျနော့်အမြင်ကို မထောက်ခံရဲသူတွေလဲ အများကြီးရှိကြပါမယ်။ ကျနော် အင်တာနက်ပေါ်ကနေ ဒီိကိစ္စဆွေးနွေးရင် မဲဆောက်က လူတွေက ဆရာမျက်နှာသစ်စရာ မရှိအောင် လုပ်နေတာလားလို့ ပြန်ပြောပါတယ်။ ဗမာတွေက လူမျိုးကြီးဝါဒ ကိုင်ထား မထားတော့မသိ ကိုယ်နဲ့ အမြင်တူတာကို နားမထောင်ဝံ့ ကြတာတော့ သိပ်သေချာနေပါတယ် ခင်ဗျာ။ အဲဒီတော့ ဦးခွန်ထွန်းဦးတို့နဲ့ ဆွေးနွေးတဲ့အခါ ထောင်ထဲမှာ ဘန်ကောက်မှာ မလေးရှားမှာ အခုသြေိာစီမှာ ဆွေးနွေးတိုင်း တိုင်းရင်သားအားလုံးနီးပါးက အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်မူကို နမူနာပြုပြောဆို ခိုင်းနှိုင်း ပြောဆိုကြပါတယ်။ ထုံးစံအတိုင်းပေါ့။ အမေရိကန်မှာက လွှတ်တော်နှစ်ရပ်ရှိပါတယ်။ အထက်လွှတ်တော်ခေါ်တဲ့ ဆီးနိတ် (SENATE)နဲ့ အောက်လွှတ်တော်ခေါ်တဲ့ HOUSE of REPRESENTATIVEပေါ့ နှစ်ရပ်ရှိပါတယ်။ အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်ကို လူဦးရေအလိုက် လူဦးရေအချိုးကျ ကိုယ်စားလှယ် အရေအတွက်ကို ရွေးကောက် တင်မြောက်ရတာပါ။ အထက်လွှတ်တော်ကိုတော့ တပြည်နယ်ကို ကိုယ်စားလှယ်ဦးရေ ညီတူမျှတူ (ပြည်နယ်လူဦးရေ ဘယ်လောက်ဘဲ ရှိနေပါစေ) အရေအတွက် အတူတူဘဲ ပေးထားပါတယ်။ ပြည်နယ်တခုကို နှစ်ဦးကျစီ ဘဲလွှတ်ခွင့်ရှိပါတယ်။ အင်မတန်သေးငယ်တဲ့ ကျွန်းငယ်ငယ်လေး ဖြစ်နေတဲ့ ပြည်နယ်လေးကလဲ ကိုယ်စားလှယ်နှစ်ဦးဘဲ အင်မတန်ကြီးမားပြီး လူဦးရေသိပ်များတဲ့ ပြည်နယ်ကြီးကလဲ နှစ်ဦးပါဘဲ။ တခါ အမေရိကန်ပြည်ထောင်စုဟာ ဒီဘက်ခေတ်ကာလ ဘုရင်စံနစ်(အင်္ဂလိပ်) တွေကို တော်လှန်ပြီး ဒိမိုကရေစီစံနစ်ကို ခိုင်ခိုင်မာမာ ဦးဆောင်နေတယ်။ နိုင်ငံရေးက တည်ငြိမ်တယ် နိုင်ငံရေး တည်ငြိမ်တော့ စီးပွားရေး၊ ပညာရေးမှာ ဦးဆောင်လာနိုင်ပြီး ကမ္ဘာကိုဦးဆောင်နေပါတယ်။ ကျနော်တို့ အခုဆိုအတိုက်အခံ အင်အားစုအများဆုံးကလည်း အမေရိကန်မှာ အခြေချနေထိုင်နေကြတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့ နိုင်ငံအတွက် စံနမူနာပြုပြောဆို ဥပမာပေး ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေကလည်း အမေရိကန်ဖွဲ့ စည်းပုံကို နမူထားပြောဆိုတတ်ကြပါတယ်။ အဲဒီမှာ ပြောစရာတွေ ရှိလာပါတယ်။ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ဖွဲ့ စည်းပုံကို ပြည်ထောင်စုစစ်စစ်မူ လို့ဆိုထားတယ်။ ပြီးတော့ဒီမူက အမေရိကန်မူကို နမူနာ ယူထားတယ် ဆိုကြပါတယ်။ တကယ်တော့ လုံးဝကြီး ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ထပ်ပြီးပြောပါမယ်။ တိုင်းရင်သားတွေရဲ့ ပြည်ထောင်စုစစ်စစ်မူနဲ့ အမေရိကန်ပြည်ထောင်စုမူက လုံးဝကြီး ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ တခါတိုင်းရင်းသားတွေရဲ့ မူကမှ ပြည်ထောင်စုစစ်စစ်မူ ဆိုထားပြန်တော့ သူတို့နမူနာထားခဲ့တဲ့ အမေရိကန်မူကြီးက ပြည်ထောင်စုမူ မစစ်တော့တဲ့ သဘောရောက်သွားပြန်ပါတယ် ။ ဘာတွေကြောင့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ် ပြောရပါသလဲဆိုတော့ အမေရိကန်မှာ အခုသြစတေးလျတို့မှာ မြန်မာတိုင်းရင်းသားတွေ အပါအ၀င် လူမျိုးပေါင်းစုံ ရောက်နေကြပါပြီ။ အခုကျနော်တို့ အတိုက်အခံ ၀က်ဆိုဒ်တွေပေါ်မှာ မင်းကဘာလူမျိုး ငါတို့ကညာလူမျိုးတွေ အော်ကြီးဟစ်ကျယ် လုပ်နေကြပါတယ်။ မြန်မာလိုချနေတာများပါတယ်။ ဒီလိုလူမျိုးကိုခွဲခြားပြီး အပြင်မှာပြောရင် အလုပ်မှာကအစ ဒီလူဟာ လူမျိုးရေးအစွဲကြီးသူ လူမျိုးရေးခွဲခြားသူ အဖြစ် အသတ်မှတ် ခံရမယ်ဆိုတာ ဒီလူတွေသိပ်သိတာပေါ့။ အဖြူတွေနိုင်ငံမှာနေ အဖြူတွေကြားမှာကျတော့ လူကိုလူလို့ဘဲ ပြောဆိုနေကြပြီး မြန်မာပြည်သားချင်းကြတော့မှ ဘာလူမျိုးက ဘယ်လို ညာလူမျိုးကနဲ့ အော်ချက်ထုတ်နေတာလေး ပြန်တွေးကြည့်ကြပါ။ အောက်လွှတ်တော် နှစ်ရပ်ကို ယှဉ်ကြည့်ရင် အမေရိကန်မူနဲ့ ရှစ်ပြည်နယ်မူက အတူတူပါဘဲ။ ဆန့်ကျင်ဘက်ဖြစ်နေတာက အထက်လွှတ်တော်မှာပါ။ ဟိုမှာက အထက်လွှတ်တော်ဆိုတာက လူမျိုးကို အခြေခံပြီး သတ်မှတ်ထားတာ မဟုတ်သလို ရွေးချယ်မှုကိုလည်း ပြည်နယ်နံမည်(တနည်း-ဒေသကို အစွဲပြုထားတယ်)။ ဒီမှာက လူမျိုးစုလွှတ်တော်။ လူမျိုးကို အခြေခံပြီး ရွေးချယ်ထားတာ ဖြစ်နေတယ်။ လူမျိုးရေးခွဲခြားထားပြီ။ ကျနော်နဲ့ အဲဒီလူမျိုး အမည်တတ်ထာတာကို ဆွေးနွေးတော့ သူတို့က လူမျိုးနဲ့ မခွဲခြားပါဘူး။ ဥပမာရှမ်းပြည်နယ်ကနေ မြန်မာလဲဝင်အရွေးခံခွင့် ရှိပါတယ်ပေါ့။ ဒါဆိုဘာလို့ ရှမ်းပြည်နယ်လို့ မသတ်မှတ်ချင် ရတာလဲဆိုတော့ အဖြေခက်နေကြတယ်။ အဲဒီလို လူမျိုးကို အခြေခံထားတာကိုက ဒီမိုကရေစီမူတွေ ဒီမိုကရေစီစံတွေနဲ့ ဆန့်ကျင်ဘက် လုံးလုံးကြီးဖြစ်သွားပါပြီ။ ထပ်ပြောပါမယ်။ လူမျိုးဆိုတဲ့နာမကို ထဲ့သုံးပြီး သတ်မှတ်လိုက်ရင် ဒီမိုကရေစီကို မဟုတ်တော့ပါဘူး။ ကြိုက်သလို သတ်မှတ်ပေတော့ ဒီမိုကရေစီမဟုတ်တော့ ဆိုတာကတော့ သေချာသွားပြီ။ ဘာလို့လဲ.... ရှင်းပါတယ်။ ဒီမိုကရေစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ပထမဦးဆုံးသော စာသားများမှာ ဆိုထားတာကိုက ဒီမိုကရေစီဆိုသည်မှာ လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ ဘာညာ မခွဲခြားစေရဟု ဆိုထားပြီး အခုဖက်ဒရယ် စစ်စစ်မူကြီးမှာ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော် (ယခင်ကတော့ လူမျိုးစုလွှတ်တော်) ဆိုပြီး လူမျိုးနဲ့ ခွဲခြားထား မိလျှက်သား ဖြစ်နေလို့ပါ ။ အဲဒီမှာ အမေရိကန်ပြည်ထောင်စုမူနဲ့ ပြဒါးတလမ်း သံတလမ်း ကွဲထွက်သွားပါပြီ။ နောက်ပြီး ကျနော့်နဲ့ ဆွေးနွေးသူတွေ နမူနာပေးတတ်တာလေးက တူနေတတ်ပါတယ်။ ခင်ဗျားအမေရိကန်က မေလီလင်းပြည်နယ်လေးကို သိတယ်နော်။ ဟုတ်ကဲ့သိပါတယ်ဆိုရင် အဲဒီမေရီလင်း ပြည်နယ်လေးက သေးသေးလေး ဒါပေမဲ့ အထက်လွှတ်တော်ကို ပြည်နယ်ကြီးတွေနဲ့ တန်းတူ အထက်လွှတ်တော်အမတ် နှစ်ဦးကျ ခွဲတမ်းအရ တက်ရတယ်ပေါ့။ ခွဲတမ်းက တန်းတူရတယ်ပေါ့။ ကျနော်ကပြန်မေးပြီ အဲဒီ မေရီလင်းလူမျိုးတွေက ဘာစကားပြောသလဲပေါ့။ ဘယ်တိုင်းပြည်ကနေ အမေရိကားကို လာရောက် အခြေချသူတွေလဲပေါ့။ အ၀တ်အစားက ဘယ်လိုဝတ်စုံလဲ။ မေးပြီ။ ခင်ဗျားက အမေရိကန်နိုင်ငံအကြောင်း သိပ်မသိသေးဘဲကိုး။ မေရီလင်းဆိုတာ လူမျိုးကို ပြောနေတာမဟုတ်ဘူး။ ပြည်နယ်လေး ပြည်နယ်လေးမှ သေးသေးလေး။ အော်ဒါနဲ့ ပြောပါအုံး သူတို့နဲ့ နှိုင်းယှဉ်ပြောနေလို့ ခင်ဗျားတို့မူနဲ့ ဘယ်နေရာ တူတာလဲပေါ့။ လာပြီ အခုကျနော်တို့မူက ကယားပြည်နယ်လေးက သေးသေးလေးပေမယ့် အမေရိကန်လိုဘဲ လူမျိုးစုလွှတ်တော်မှာ ဗမာပြည်နယ်ကြီးလိုဘဲ ကိုယ်စားလှယ်ငါးဦး တန်းတူညီတူ တက်ခွင့် ပေးထားတယ်ပေါ့။ လာပြီ ကျနော်ထောက်ပြီ။ ခင်ဗျားတို့က ခုနက မေရီလင်းက လူမျိုးနာမည်မဟုတ်ဘူး ဒေသအမည် ပြည်နယ်ကို ကိုယ်စားပြုတယ်လဲ ဆိုထားတယ်။ အခုခင်ဗျားတို့ သုံးထားတာ လူမျိုးအမည် သုံးထားတော့ လူမျိုးစုလွှတ်တော်တဲ့။ ဟိုမှာက ဘာလူမျိုးကိုမှ စကားထဲထဲ့ မပြောရဘူး။ နယ်ကိုယ်ကိုယ်စား ပြုထားတာ။ နောက်မေရီလင်းက နယ်သာသေးတာ ဓနအင်အားက အင်အားကြီး လူဦးရေကျတော့ အလွန်များတယ်။ မတူတာကိုလာ ဥပမာပေးနေတာ။ အဲဒီမှာ လွှဲနေပြီ ကွဲနေပြီ။ မေရီလင်းက ဒေသ အမည်ကို ယူထားတာ။ လူမျိုးဆိုတာ ဖြူသလားမဲသလား။ ဒီမှာက ရှမ်းလူမျိုး၊ ကချင်လူမျိုး၊ လူမျိုးနာမည် ယူထားတာကို ဒီနှစ်ခုက အတူတူပါဘဲဆိုတော့ ။ နယ်ကို ကိုယ်စားပြု သတ်မှတ်ထားပြီး လူမျိုးကို ကိုယ်စားပြုထားတာ မဟုတ်တော့ အဲဒီ့ အထက်လွှတ်တော်အမတ်က သူ့နယ်သားတွေ နယ်အကြောင်းတွေ တင်ပြတဲ့အခါ ဘယ်လူမျိုးကမှ မကျေနပ်စရာ မရှိတော့ဘူး။ ဒီမှာက ဥပမာ ရှမ်းလူမျိုး ကိုယ်စားလှယ်က ရှမ်းလူမျိုးအရေး ပိုပြောနေတာဘဲ ငါတို့ဓနုတွေ ပအိုဝ်းတွေအကြောင်း မတင်ပြဘူးဖြစ်ကုန်ပြီ။ တခါ ဥပမာပေါ့ အမျိုးသား/ လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်ဆီဘဲ တက်ဖို့ သတ်မှတ်လိုက်တယ်။ ထားပါတော့ ရှမ်းပြည်နယ်မှာ ရှမ်းကတယောက်ပေါ့ ထားပါ ပအိုဝ်းကတယောက်ယူလိုက်ရင် ကျန်တဲ့လူမျိုးစု အငယ်တွေကို ဘယ်သူက ကိုယ်စားပြုတော့မလဲ။ ပြုပါတယ်ပြောလဲ ပထွေးနဲ့ ဆက်ဆံရသလို ခံစားနေရပြီလေ။ လူမျိုးအမည် တပ်ထားတော့ သူ့တို့ကိုချန်ထားရပြီ။ တခါ ၀လူမျိုးတွေကလဲ တပူထလာမယ်လေ။ ပလောင် အားလုံး လိုချင်လာကြမယ်။ ထားပါ ရှမ်းနဲ့ ပအိုဝ်းကိုယ်စားလှယ် နှစ်ဦးတက်ခွင့်ယူထားတော့ ပလောင်က သူတို့အရေးကိစ္စကို ဘယ်သူကနေ တင်ပြရမှာလဲ။ ရှမ်းကိုယ်စားလှယ် ကနေလား။ ပအိုဝ်းကိုယ်စားလှယ်ကို ကပ်ရတော့မှာလား။ ထားတော့ အဲဒီမှာ ပလောင်က တင်ပြချင်တာက သူတို့ လူမျိုးစုနဲ့ ရှမ်းလူမျိုးစုကြား ဖြစ်နေတဲ့ ပြသနာမျိုးကို ဘယ်သူဆီက တင်ပြရတော့မလဲ။ အခုကို ၀လူမျိုးစု နဲ့  ရှမ်းတွေအကြား နယ်မြေပိုင်ဆိုင်မှု ရှိနေတယ်လေ။ လူမျိုးစုလွှတ်တော်ကို ၀လူမျိုးတွေက တင်ပြချင်ရင် ဘယ်သူကနေ တင်ပြရတော့မလဲ။ နောက် ရှိပါသေးတယ်။ တိုင်းရင်းသားတွေ ဆွေးနွေးတတ်တာလေး။ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်။ ကရင်တကျပ် ဗမာတကျပ်တဲ့။ အထက်လွှတ်တော်မှာ ဗမာ-တယောက်တက်ရရင်၊ ကရင်လဲ တယောက်ပေါ့။ အဲဒီမှာ ကျနော်ကပြောပြီ။ ခင်ဗျားအခုကျနော်နဲ့ ဆွေးနွေးတယ်။ ခင်ဗျားက ကျနော့်ကိုတော့ စကားကို ကပ်သပ်ပြီးပြောတယ်ပေါ့။ ကျုပ်ပြောနေတာ ဥပဒေရှုဒေါင့်ကနေ။ ချွင်းချက် ဟာကွက်မရှိအောင် ဒေါင့်စေ့အောင်ပြောနေတာ။ ဒါကျုပ်က မူတွေဘာတွေ ဘာမှ သိပ်သိတာ တတ်တာ မဟုတ်သေးဘူး။ ဗိုလ်ချုပ်ဦးဏှောက်နဲ့ နှိုင်းရင် ဖြုတ်ကလေးလောက်ရှိတာ။ ဗိုလ်ချုပ်က စကားပြောရင် ဘယ်စကားက တချိန်မှာ ဘယ်လိုဖြစ်မယ် ဘယ်လိုအဓ္ဓိပါယ် ယူသွားနိုင်တယ်ဆိုတာ ကျုပ်ထက်အဆ ရာချီမက ကြိုမြင်တယ်။ ဒါကြောင့်သူ့ စကားက ဗမာတယောက်တမဲ၊ ကရင်တယောက်လဲတမဲ ဘယ်သူမှ မဲပိုမရစေရလို့ဆိုခဲ့တာ။ ဗမာပြည်နယ်တမဲ လို့ပြောချင်ရင် စကားပြောကထဲက ဗမာပြည်နယ်ထည့် ပြောမှာပေါ့။ အဲဒီလိုပြောချင်ရင် ကရင်ပြည်နယ်လို့ ပြောရအောင် ကရင်ပြည်နယ်လို့ အဲဒီအချိန်က ပြောတာခေါ်တာ မရှိသေးဘူး မဆိုကြသေးဘူး။ ပြည်နယ်ကို သူညွှန်းပြီး ပြောချင်ရင် ဗမာပြည်နယ် တကျပ်၊ ကချင်ပြည်နယ်တကျပ် လို့ဘဲ ပြောမှာပေါ့ ။ ကချင်က ပြည်နယ်အနေနဲ့ ခေါ်ပြောဆိုနေပြီလေ။ အဲဒီတုန်းက ချင်းကိုတောင် ချင်းဝိသေသတိုင်းဘဲ သုံးနေသေးတာ။ ချင်းပြည်နယ်လို့ကို မသုံးသေးဘူး။ ဖက်ဒရယ်မူမှာ တကယ်တန်းက တိုင်းရင်းသားတွေ အချင်းချင်း ဆွေးနွေးထားတာ မြင်ထားတာက အောက်လွှတ်တော်မှာ မြန်မာက လူများစုရထားတယ်။ လွှတ်တော်မှာ မြန်မာတွေက သူတို့ဖြစ်ချင်တာကိုချည်း ဆုံးဖြတ်မယ်။ သူတို့ကလူများစု။ အဲဒီလို ဆုံးဖြတ်ထားတာကို လူမျိုးစုလွှတ်တော်ကနေ ဗမာကိုယ်စားလှယ်က ငါးဦးဘဲရှိတော့ ကျန်လူမျိုးစု ခုနစ်မျိုးက-စုစုပေါင်း (၃၅-ယောက်)နဲ့ အပေးအယူလုပ်ပြီး ပြန်ထိမ်းချုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီလိုလူမျိုးစု လွှတ်တော်နဲ့ ဆွဲထားတာဆိုတာ သိရပါတယ် ။ အဲဒီလိုသာဆိုရင် ဗမာတွေက တခုခုလုပ်ချင်ရင် တိုင်းရင်းသားတွေ အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ။ ဒီတော့တချို့ ဗမာတွေက နယ်ချဲ့ကို တော်လှန်တာ ဗမာက ဦးဆောင်တယ်။ တချို့တိုင်းရင်းသားတွေဆိုရင် နယ်ချဲ့ရဲ့ လက်ကိုင်ဒုတ် နယ်ချဲ့ကို အသက်ဆက် ပေးနေသူတွေ။ အသက်ပေးကြရတာ အများစုက ဗမာ။ အခုလွတ်လပ်ရေးရလာပြီး ပြည်ထောင်စုဖွဲ့တော့ ဗမာက ဘာလုပ်ချင်လုပ်ချင် ငါတို့က သူတို့ သနားမှ လုပ်ခွင့်ရတော့မဲ့ ဘ၀ကို ချိုးထားတယ်ဖြစ်လာပြီ။ လူမျိုးစုလို လုပ်လိုက်တာနဲ့ လူဦးးရေ သန်း၄၀-ရှိတဲ့ ဗမာက ၅- ယောက်။ လူဦးရေ-၁၅-သန်းက ဘဲရှိတဲ့ တိုင်းရင်းသားတွေက- ၃၅.-ယောက်ဆိုတော့ တရားမျှတမှု ရှိတယ်မရှိဘူး နိုင်ငံတကာပညာရှင်တွေကိုသာ ချပြကြပါ။ တကယ်က တိုင်းရင်းသားတွေက အောက်လွှတ်တော်မှာကို လူအနည်းငယ်သာရှိပေမဲ့ ဗမာရတဲ့ အချိုးထက် ပိုမိုတဲ့ အချိုးနဲ့ ကိုယ်စားလှယ်နေရာ ပိုရထားပါတယ်။ တိုင်းရင်းသား လူဦးရေ စုစုပေါင်းနဲ့ သူတို့ရထားတဲ့ ကိုယ်စားလှယ်နေရာနဲ့ ဗမာပြည်နယ်တွေမှာ ရှိတဲ့ လူဦးရေစုစုပေါင်းနဲ့ ဗမာပြည်နယ်တွေက ရထားတဲ့ ကိုယ်စားလှယ် အချိုးကို ချတွက်ကြည့်ရင် ပေါ်နေပါတယ်။ ဥပမာ ကယားပြည်နယ်ကို ကြည့်ပါ။ မြို့တွေက သေးသေးလေးတွေ။ မြို့နယ်လို့ သတ်မှတ်လိုက်တာနဲ့  လွှတ်တော်ကိုယ်စားလှယ် နေရာပေးရပြီ။ မြို့က မဲပေးနိုင်သူဦးရေက ၁၂၀၀- ၁၈၀၀- ဘဲရှိတယ်။ အဲဒီအတွက် ကိုယ်စားလှယ် တဦးရပြီ။ ဗမာပြည်နယ်တွေမှာ မြို့တွေက လူဦးရေကများတော့ မဲပေးခွင့်ရှိသူ တသိန်းကိုမှ ကိုယ်စားလှယ်တဦးရတာနဲ့ ယှဉ်ကြည့်ပါ။ အဲဒီလိုအသာရထား တာတွေ အများကြီးပါ ။ ဥပမာ တမျိုးလှဲ့ပေးရရင် ကယားပြည်နယ်က လူဦးရေစုစုပေါင်းမှ ၂.၅-သိန်း။ ကိုယ်စားလှယ် ၁၂-ဦိးခန့်ရထားတယ်။ ရန်ကုန်တိုင်းက လူဦးရေ ၆-သန်းခန့်။ ကိုယ်စားလှယ်ကျတော့ ၄၀-လောက်(ထင်)။ ကယားနဲ့ အချိုးချကြည့်လိုက်ရင် ရန်ကုန်တိုင်းလို လူဦးရေနဲ့ ကယားရတဲ့အချိုးနဲ့ တွက်ကြည့်ရင် ကယားပြည်နယ်ကို လူ-၆.၀ သန်းနဲ့  တွက်လိုက်ရင် ကိုယ်စားလှယ် ၂၅၀-လောက်ဖြစ်နေပြီလေ။ ထားတော့ အခုရှစ်ပြည်နယ်မူက ၁၉၆၀-မတိုင်ခင်က တလျှောက်လုံး ရှစ်ပြည်နယ်မူဘဲ ရှိနေရာကနေ နယ်စပ်မှာတင် ဘယ်လိုတွေ ဖြစ်တယ်တော့မသိ ၂၀၀၈- မှာကျတော့ ဧရာဝတီအမျိုးသားပြည်နယ်နဲ့ တနသာင်္ရီအမျိုးသားပြည်နယ် ဆိုပြီး နှစ်ပြည်နယ်ထပ်တိုးထားတယ်။ နောက်ထပ်ထပ်ပြီးတိုးဖို့  နှစ်နေရာ အရာပေးထားလာတယ်။ အဲဒီမှာတင် သူ့ဟာသူ လွှဲနေတာပြနေပြီ။ ဧရာဝတီက လူမျိုးမှမဟုတ်တာ။ ဒေသကို အစွဲပြုခေါ်ထားတာ။ ဧရာဝတီစကား ဧရာဝတီစာပေ ရိုးရာအ၀တ်အစားဆိုတာ ရှိမှမရှိတာ။ ဒီလိုဘဲ တနင်္သာရီအမျိုးသားလို့ သုံးရအောင် တနင်္သာရီလူမျိုးဆိုတာမှ မရှိခဲ့တာ။ ဘိတ်သား၊ ထားဝယ်သား၊ ရန်ကုန်သား၊ ရွှေဘိုသား ဆိုတာက မြို့ကိုအစွဲပြု ခေါ်ပြောကြတာပါ။ နိုင်ငံတကာရောက် ပညာရှင်ကြီးတွေ ရေးဆွဲထားတာ ကျနော်လဲ နားမလည်တော့ဘူး။ သူတို့ကပညာရှင်တွေလေ။ ဆက်လက် ရေးသားတင်ပြပါမည်.. အားလုံးကို လေးစားလျှက် လှိုင်မြင့် |
Posted: 07 Sep 2011 11:13 PM PDT ပေးပို့လာသူအား ကျေးဇူးတင်ပါသည်။ စာလုံးများ ကောင်းစွာ မမြင်ရပါက Scribdမှာ ဒေါင်းလုပ်လုပ်ပြီးကြည့်ပါရန်။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment