မေတ္တာစိတ်နဲ့ နားထောင်တတ်သူ
တလောက အပေါ်ထပ်၊ အောက်ထပ်ကလူတွေကြောင့် ကျွန်မရူးမတတ်ဖြစ်ခဲ့ရတယ်။
ကျွန်မနေတာက ဒုတိယထပ်မှာပါ။ ကျွန်မအိမ်ရဲ့အောက်ထပ်မှာ
အလုပ်လက်မဲ့လင်မယားနှစ်ယောက် နေပါတယ်။ စားဝတ်နေရေးအတွက်
သုံးဘီးဆိုင်ကယ်ဟောင်းတစ်စီး သူတို့ဝယ်ထားတယ်။ အဲဒီဆိုင်ကယ်က
ဟောင်းလွန်းတော့ ရင်ကျပ်ရောဂါ အပြင်းအထန်ခံစားနေရတဲ့လူနာလို အသံဗလံ
ဆူညံသံတွေ ထွက်နေပါတယ်။ ညတိုင်း ကျွန်မအိပ်ပျော်ခါနီးအချိန်မှာ
အဲဒီဆိုင်ကယ်ဟာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး အသက်လုပြန်လာတတ်တယ်။
အဲဒီအသံကိုကြားရင် ကျွန်မ အိပ်ချင်စိတ်တွေ ပျောက်သွားတော့တယ်။
ကျွန်မအိမ်ရဲ့ အပေါ်ထပ်မှာနေတဲ့မိသားစုက သမီးဖြစ်သူကို
ပလွေတစ်ချောင်းဝယ်ထားပေးတယ်။ မနက်မိုးလင်းတိုင်း သမီးကို အတင်းအဓမ္မ
ပလွေမှုတ်ကျင့်ခိုင်းကြတယ်။ ပလွေသံက ဝီး...ဝီး.. အီး..အီးနဲ့ နားထောင်ရတာ
သရဲသဘက် ငိုညည်းနေသလိုပါပဲ။
ညတိုင်း အောက်ထပ်က သုံးဘီးဆိုင်ကယ်ရဲ့ "ချောင်းသံ"ကြောင့်
ကျွန်မအိပ်မရခဲ့သလို မနက်စောစောမှာ အိမ်ပေါ်ထပ်က ပလွေ"ငိုသံ"ကြောင့်
ကျွန်မ အစောကြီးနှိုးခဲ့ရတယ်။
အပေါ်ထပ်၊ အောက်ထပ်ကမိသားစုတွေနဲ့ ကျွန်မ
ကောင်းကောင်းဆွေးနွေးဖို့လိုပြီးလို့ ကျွန်မထင်တယ်။ ဒါပေမဲ့
သူတို့အိမ်ရှေ့ရောက်တာနဲ့ ကျွန်မခြေလှမ်းတုန့်ပြီး တွေဝေသွားတတ်တယ်။
အောက်ထပ်မိသားစုအတွက် ဟောင်းနွမ်းတဲ့သုံးဘီးဆိုင်ကယ်ဟာ
သူတို့ရဲ့ထမင်းအိုးပါ။ အပေါ်ထပ်မိသားစုမှာ ပလွေသံက
အဲဒီကောင်မလေးရဲ့မျှော်လင့်ချက်ပေါ့။ သူတို့ရဲ့ထမင်းအိုး၊
မျှော်လင့်ချက်တွေကို ကျွန်မလက်လွတ်ခိုင်းရမလား? ကျွန်မထုတ်ပြောရက်သလား?
အတန်ကြာစဉ်းစားပြီး အိမ်ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
အေးဆေးဆိတ်ငြိမ်တဲ့နေရာတစ်ခုဆီ ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ဒါမှ
စာတွေကို ကျွန်မစိတ်ဝင်တစား ရေးလို့ရမှာဖြစ်သလို
ကိုယ်စိတ်ကျန်းမာမှာဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်ကို ကျွန်မအဖြစ်အပျက်တွေ
ရင်ဖွင့်ပြပြီး နေရာကောင်းတစ်ခုရှာပေးဖို့ အကူအညီတောင်းလိုက်တယ်။
သူငယ်ချင်းက ကျွန်မပြောတာတွေကို ပြုံးပြုံးလေးနားထောင်နေရင်းက ကျွန်မကိုမေးတယ်။
"ငါနေတဲ့ပတ်ဝန်းကျင်ကရော ဘယ်လိုလဲလို့ နင်ထင်သလဲ?"
"နင့်နေရာက ဆိတ်ငြိမ်လို့ နင့်ဖက်မှာ ငါအခန်းရှာခိုင်းတာပေါ့"
ကျွန်မအပြောကို သူငယ်ချင်းက ခေါင်းတဆတ်ဆတ်ညိတ်ပြီး "ဒါဆိုလဲ ငါ့အိမ်မှာ
တစ်နာရီလောက်ထိုင်ပြီး ခံစားကြည့်ပါဦး"လို့ဆိုတယ်။
သူငယ်ချင်းအိမ်မှာ တစ်နာရီကြာ ကျွန်မနေလိုက်တယ်။ သူ့အိမ်ပတ်ဝန်းကျင်က
တကယ့်တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဒါပေမဲ့ တစ်နာရီနောက်ပိုင်းမှာ လူအသီးသီး
ရုံးဆင်းပြန်လာကြတယ်။ အသံတွေ စပြီးဆူညံလာခဲ့တယ်။ အဆိုးဆုံးက
ဘေးအိမ်ဝရံတာက စကားပြောသံလိုလို လွှင့်လာတဲ့အသံတွေဖြစ်တယ်။
ရှေးလူရိုင်းတွေ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေတဲ့အသံလိုမျိုး
အသံကစူးရှပြီး နားစည်ပေါက်မတတ်ပါပဲ။ ကြားရသူကို နားမသက်သာစေခဲ့ပါဘူး။
ဒါ ဘာအသံလဲလို့ သူငယ်ချင်းကိုကျွန်မမေးတော့ သူငယ်ချင်းက
"၉နှစ်ကောင်လေးတစ်ယောက် စကားပြောသင်နေတာလေ.. သူဘာပြောနေသလဲလို့
နင်သေသေချာချာ နားထောင်ကြည့်!"လို့ပြောလို့ ကျွန်မ
နားစိုက်ထောင်လိုက်တယ်။ အဲဒီကောင်လေးက စကားတစ်ခွန်းကို ထပ်တလဲလဲ
ပြောနေသလိုပါပဲ။ ဒါပေမဲ့ ဘာပြောနေမှန်း ကျွန်မသေသေချာချာ နားမလည်ခဲ့ဘူး။
"မေမေပေါ် နေလောင်ဖြန်းထားတယ်လို့ သူပြောနေသလိုပဲ" လို့
ကျွန်မခန့်မှန်းပြောကြည့်တော့ သူငယ်ချင်းက တဟားဟားအော်ရယ်ပြီး "နင်ပြောတာ
မှားတယ်... သူပြောတာက မြေပြင်ပေါ် နေရောင်ဖြန့်ထားတယ်တဲ့"။ သူငယ်ချင်းက
ပြောပြောဆိုဆို အဲဒီကောင်လေးရဲ့အသံကို ပိုကြားရအောင် ဝရံတာဖက်ကတံခါးကို
ဆွဲဖွင့်လိုက်တယ်။ ကောင်လေးရဲ့အသံထွက်မှန်အောင် ပြင်ပေးနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုပါ ကျွန်မကြားလိုက်တယ်။ အမျိုးသမီးပြောနေတာက
"မြေပြင်ပေါ်နေရောင်ဖြန့်ထားတယ်" လို့ဆိုပေမယ့်
ဘယ်လိုအသံထွက်မှန်အောင်ပြောလည်း ကောင်လေးပြောနေတာက "မေမေပေါ်
နေလောင်ဖြန်းထားတယ်"ဆိုတာပဲဖြစ်နေတယ်။
"တကယ်လို့ နင်ဒီမှာနေမယ်။ နေ့တိုင်း ဒီလိုအသံပဲကြားနေရမယ်ဆိုရင်
နင်ဘယ်လိုခံစားရမလဲ?" သူငယ်ချင်းက ကျွန်မကိုမေးခွန်းထုတ်တယ်။
"ဟင့်အင်း.. ငါ ခံနိုင်မှာမဟုတ်ဘူး။ အသံတွေ ဆူညံနေတဲ့အပြင် ဘယ်လိုသင်သင်
သင်လို့မရတဲ့ အဲဒီကောင်လေးအသံကို နားထောင်ရင်း သူ့အတွက်
ငါစိတ်ညစ်ပြီးသေသွားလိမ့်မယ်" ကျွန်မခေါင်းခါပြပြီး
အမှန်အတိုင်းပြောလိုက်တယ်။
"ဒါပေမဲ့ ငါ့နားထဲမှာတော့ အဲဒီကောင်လေးရဲ့အသံက နားဝင်ချိုတဲ့ဂီတသံလိုပဲ။
ဒါ ငါတစ်ယောက်ထဲ ခံစားရတာ မဟုတ်ဘူး။ ဒီတိုက်မှာနေတဲ့လူတိုင်း
ငါ့လိုပဲခံစားကြရတယ်တဲ့"
သူငယ်ချင်းရဲ့အပြောကြောင့် အံ့သြသွားတဲ့ကျွန်မကိုကြည့်ရင်း သူငယ်ချင်းက
စကားဆက်ပြောတယ်။
"ဒီကလေးက အစွန့်ပစ်ခံထားရတဲ့ကလေး။ မွေးလာကတည်း အ,နေတာ။ ဒါကြောင့်
သူ့မိဘတွေက သူ့ကိုစွန့်ခဲ့ကြတယ်။ သူ့ကို ငါ့အိမ်နီးချင်းက
ကောက်ပြန်လာခဲ့တယ်။ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် နေရာအနှံ့
ဆရာဝန်ရှာပြီး ဆေးကုခဲ့တယ်။ ကလေး၎နှစ်မှာ ငါ့အိမ်နီးချင်းက
စကားစသင်ပေးခဲ့တယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ငါတို့ထင်ခဲ့ကြတယ်။ ဒါပေမဲ့
သူ လက်မလွတ်ခဲ့ဘူး။ နေ့တိုင်း ကလေးကို စကားသင်ပေးခဲ့တယ်။
ကလေး ၅နှစ်ရောက်တော့ တစ်နေ့မှာ "မေမေ"လို့သူခေါ်ခဲ့တယ်။ အသံကလုံးထွေးပြီး
မပီသဘူးဆိုပေမယ့် ငါတို့တတွေ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။
ငါ့အိမ်နီးချင်းဆို ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။
အဲဒီမှာရှိနေတဲ့လူတွေလည်း မျက်ရည်တွေဝဲလို့။ သူ နှစ်နှစ်လလ
ပင်ပင်ပန်းပန်း စကားပြောသင်ပေးခဲ့တဲ့ ကလေးလေး စကားစပြောလာခဲ့ပြီလေ။ ဒါ
မခံစားရဘူးလို့ နင်ထင်မလား? အဲဒီနောက် ငါ့အိမ်နီးချင်းက ကလေးကို
ပိုအလေးစိုက်ပြီး စကားတွေသင်ပေးခဲ့တယ်။ ငါတို့ဒီတိုက်မှာနေတဲ့
လူတွေအားလုံးက အဲဒီအသံကို အလှဆုံး၊ အသာယာဆုံးအသံလို့ ထင်ခဲ့ကြတယ်"
သူငယ်ချင်းအိမ်ကနေ မထွက်ခွာခင် သူငယ်ချင်းက "ဒီကလေးရဲ့အသံက စူးရှတယ်။
နားမသက်သာစေဘူးလို့ နင်ထင်တာက သူ့အသံကို နင်နားနဲ့နားထောင်လို့ပဲ။
ဒီကလေးရဲ့အသံ နားဝင်ချိုတယ်။ နားထောင်လို့ကောင်းတယ်လို့ ငါတို့ထင်တာ
ငါတို့က မေတ္တာစိတ်နဲ့နားထောင်လို့ပေါ့။ မေတ္တာနဲ့ နားထောင်တတ်ရင်
ဒီလောကမှာရှိတဲ့ အသံတော်တော်များများက လှပတဲ့အသံတွေပါပဲကွာ" လို့
ပြောပါတယ်။
လောကထဲမှာ လုံးထွေးဆူညံနေတဲ့အသံတွေကို နားထောင်ဖို့ ဘုရားသခင်က
ကျွန်မတို့ကို နားရွက်တွေပေးလိုက်တယ်။ လုံးထွေးဆူညံတဲ့အသံကို
နားဝင်ချိုတဲ့အသံအဖြစ်ပြောင်းဖို့ လူတွေက ကိုယ့်ကိုယ်ကို
မေတ္တာစိတ်တွေထည့်ခဲ့ကြတယ်။ တကယ်လို့ လှပသာယာတဲ့အသံကို သင်နားထောင်ချင်ရင်
မေတ္တာစိတ်နဲ့ နားထောင်တတ်ဖို့ သင်,သင်ယူရပါလိမ့်မယ်။
အရက်ကို ဘယ်လိုသောက်ရမယ်လို့ သိနားလည်သူက "ခံစားချက်"ကို ရှာဖွေတွေ့တယ်။
ရောင့်ရဲတင့်တိမ်မှုကို သိနားလည်သူက "ပျော်ရွှင်ခြင်း"ကို ရှာဖွေတွေ့တယ်။
လက်လွတ်တတ်တာကို သိနားလည်သူက "စိတ်လက်ချမ်းသာခြင်း"ကို ရှာဖွေတွေ့တယ်။
တန်ဖိုးထားတတ်တာကို သိနားလည်သူက "ကောင်းမြတ်ခြင်း"ကို ရှာဖွေတွေ့တယ်။
ယုံကြည်စိတ်ချမှုကို သိနားလည်သူက "သောကကင်းခြင်း"ကို ရှာဖွေတွေ့တယ်။
မေ့ပျောက်ခြင်းကို သိနားလည်သူက "လွတ်လပ်ပေါ့ပါးခြင်း"ကို ရှာဖွေတွေ့တယ်။
ဂရုစိုက်ကြင်နာခြင်းကို သိနားလည်သူက "သူငယ်ချင်း"ကို ရှာဖွေတွေ့တယ်။
မူရင်း-- http://blog.xuite.net/mama5456/666/25748416
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment