Tuesday 28 February 2012




လှယ်လောင်း ကိုဇေယျာသော် အတွက်စည်းရုံးပေး(ရုပ်/သံ)
Posted: 27 Feb 2012 08:56 AM PST




အကျဉ်းထောင်မှပြန်လည်လည်လွတ်မြောက်လာသော(ဗိုလ်ကြီးပောာင်း)ကိုနေမျိုးဇင်သည် BG သွေး အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက် တာဝန်ယူလုပ်ဆောင်နေသကဲ.သို. NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏စည်းရုံးရေးခရီးစဉ်များတွင်လည်း အမေစု၏လုံခြုံရေးအတွက် သူ၏ခါးဒဏ်ရာသေချာမပျောက်သေးသော်လည်း ခရီးစဉ်များတလျှောက်တွင်ကိုယ်တိုင်ကားမောင်းကာ လိုက်ပါစောင်.ရှောက်လျက်ရှိသည် ။

ဒေါ်အောင်ဆန်းစုကြည်၏စည်းရုံးရေးခရီးစဉ်များတွင်လိုက်ပါသွားတဲ့ ကိုနေမျိုးဇင်ရဲ့မှတ်တမ်း(၂၆.၂.၂၀၁၂)

စာရေးချိန်မှာ ညဆယ်နာရီခွဲပြီ၊ ယခု ည ၉နာရီထိုးခါနီးမှ ကျနော် သင်္ဃန်းကျွန်း လမ်းဆုံမှတ်တိုင်ကို ရောက်သည်။ တောင်ဒဂုံကို ပြန်ဖို့ ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်သည်ကပင် မိနစ်နှစ်ဆယ်ခန့်ကြာသည်။ သုံးခွ ခရမ်းမြို့နယ်သို့ စည်းရုံးရေး ခရီးအဖြစ် လူထုခေါင်းဆောင် ခရီးစဉ် လမ်းကြောင်း အတွက် နိုင်သရွေ့ လုံခြုံစောင့်ရှောက်ရေး တာဝန်ကို မိမိအသိစိတ်ဖြင့် မိမိသွားရောက် ပူးပေါင်းကူညီခဲ့သည်။ နေ့ခင်း ၂ နာရီ ကျော်မှ ယာဥ...်တန်းသည် ရန်ကုန်က ထွက်သည်။ သန်လျင် သုံးခွ လမ်းအတိုင်း တအိအိဖြင့် သွားရသည်။ တလမ်းလုံး ကြိုဆိုသူတွေ ခြေချစရာမရှိ သလောက် အပြည့်ဖြစ်သည် ။ အိုးစည်ဗုံမောင်းတွေ ၊ ကလေးငယ်လေးတွေ ၊ ကျောင်းသားတွေ ၊ သံဃာတွေ၊ သက်ကြီးဘိုးဘွားတွေ ရွယ်စုံပြည်သူတို့ အမေစုကို ကြိုကြသည်။ သူတို့ ပျော်ကြသည်။

အမေ့လက်ကလေးကို ထိခွင့် နှုတ်ဆက်ခွန်းသခွင့်လေး ရလိုက်လျှင်ပင် သူတို့မျက်နှာလေးတွေ ၀င်းကနဲ ပ သွားကြသည်။ စိုနေသော ချွေးတို့အကြားမှ အမောကို လွန်သော အပြုံးများနှင့် အမေ့ကို ကြိုကြသည်။ တချို့က အော်ကြသည် ခွပ်ဒေါင်းတို့ ဘုရင်မ အမေ ကျမ်းမာပါစေ တဲ့။ ကျနော် ခရမ်းသုံးခွ ဘက်ရောက်မှ ယခုလို အသုံးအနှုန်းကို ကြားဖူးသည် ထင်မိပါသည်။ သုံးခွ ခရမ်းသားတို့သည် အမေ့ကို ဘုရင်မ တပါး အလား တင်စား သုံးနှုန်း ဂုဏ်ပြုကြွေးကြော် ကြသည်။ ပြီးတော့ တောပန်းလေးတွေ ဒေသထွက် ပန်းတွေကို လက်ဆောင် အဖြစ်ပေးကြသည်။ သူတို့ ပျော်ကြသည်။ ခရမ်းကို ၀င်တော့ ညနေ ၆ နာရီခန့်ရှိပေပြီ။ လူထုကား တိုးမပေါက်အောင် များပြားလှဆဲ။ ကား ပတ်ပတ်လည်တွင် ပိသိပ်ကျပ်ထုပ်နေအောင် တိုးဝှေ့ပြီး အမေစုကို မြင်အောင် ကြည့်ကြသည်။ ကျမ်းမာပါစေ။ တိုင်းပြည်ကို တိုးတက်အောင် လုပ်ပေးနိုင်ပါစေ။ ဆင်းရဲတွင်းက လွတ်ကင်းအောင် ဦးဆောင်နိုင်ပါစေ စသည်ဖြင့် အမျိုးစုံ ဆုတောင်းသည်။ ဆုတောင်းသံ တိုင်းကို လူထုခေါင်းဆောင် အမေစုက ပြန်လည် ခွန်းတုန့်နှုတ်ဆက်သည်။ ပြည့်ပါစေနော်၊ တိုးတက်အောင်ဲလုပ်ဖို့က ပြည်သူလူထုရဲ့ အားလည်း လိုတယ်နော် ။ အားလုံး ၀ိုင်းလုပ်မှ ရမယ် စသည်ဖြင့် လူတိုင်းချစ်သော အပြုံးလေးဖြင့် အမေ တုန့်ပြန်သည်။ အပြုံးကား မလျော့။

လူထုကြီး တွေ့မြင်သမျှအားလုံးကို စူးစိုက်ကြည့်ရင်း အမေ့ အပြုံးသည် အနာဂတ် နိုင်ငံတော် အတွက် ပြင်ရန် ဆင်ရန်၊ ထိန်းကျောင်း လမ်းပြရန် အချက်အလက်များအား တွေးတော နေလေသလား မသိ။ ခရမ်းမြို့ ဟောပြောရမည့် လယ်ကွင်း အစပ်သို့ ယာဉ်တန်း ဆိုက်ရောက်လာသော အခါ လူအုပ်ကြီးနှင့်အတူ ရောယှက် ကြိုဆိုနေသည်ကား အဖြူရောင် ဖုန်လှိုင်းကြီးပင်။ လူထုကြီးရော စီးနင်းလာသည့် ကား ခေါင်မိုးအပေါက်ငယ်မှ ကိုယ်တပိုင်း ပေါ် မတ်မတ်ရပ်ကာ လိုက်ပါလာသည့် အမေစု ရော အားလုံးခမျာ ဖုန်လှိုင်းကြီးဧ။် ပွေ့လွှမ်းဆင်ယင်ခြင်းကို ခံလိုက်ရသည် ။ အားလုံး ဖွေးဖွေးဖြူကုန်တော့သည်။ ဆံစ တွေသည် ချက်ချင်း ဇရာအသွင်ပြောင်း အဖြူရောင်သန်းကုန်သည်။ မျက်တောင်ပါ မကျန် ဘိုဖြူဖြစ်ကုန်သည်။ သို့သော် အားလုံးကား အပြုံးမပျက်။ အမေ့ကားနောက်မှ လူအုပ်ကြီးကား ခပ်သုတ်သုတ် လိုက်လာကြသည်။ လူအုပ်ခပ်ကျပ်ကျပ်ထဲ ကားကိုလှိမ့်ဝင်သော အခါ သုံးခွ ခရမ်းသူ အမျိုးသမီးလေး တချို့ အမေ့ကား အနားမှ ကပ်ရံပြီး လူအုပ်ကြီးအတွင်း ကားမောင်းဝင်ရေး အဆင်ပြေစေရန် လက်ချင်းချိတ်ကာ အကူညီပေးသည်။ သူတို့ အမျိုးသမီးငယ်ငယ် လေးတွေ မှာ လူအုပ်ကြီး အတိုးအဝှေ့ကို တောင့်ခံပြီး သူတို့ချစ်သော အမေစု ကား အဆင်ပြေချောမောစွာ လူအုပ်အတွင်း ဖြည်းဖြည်း မောင်းနှင်နိုင်စေရန် ကူညီပေးသည်။ ကားသည် စကားပြော စင်မြင့် ရှေ့ရောက်ပါပြီ။

ကျနော့် အနီးမှ ထို အမျိုးသမီးငယ်လေးတို့တွင် စီးစရာ ဖိနပ် ပါမလာတော့ လူအုပ်ကြီး အတိုး အနင်းတွင် သူတို့ ဖိနပ်ကျွတ်ခဲ့လေပြီ။ ဒါလည်း သူတို့ အပြုံးမပျက် အမေစု မျက်နှာကိုသာ သာဝန်းပြည့်ဖြိုးသော လပြည့်ည လမင်းဝိုင်းဝိုင်းအား ကြည်နူးစွာ မော့ကြည့်ကြသည့်နှယ် သူတို့ အပြုံးတွေ ဖြာနေကြသည်။ ကျနော် အမေ့ကား အနီးမှ နေပြီး သုံးခွ ခရမ်းသူ ဒေသခံတို့အား ဝေ့၀ိုက် အကဲခတ်နေမိသည်။ သူတို့သည်လည်း ကျနော်တို့ ခေါင်းဆောင် ကျနော်တို့ အမေကို ကျနော်တို့ချစ်သည်ထက် မလျော့သော လေးစားမြတ်နိုးချစ်ခြင်း အပြည့်ရှိကြပါပေသည်ဟု သတိပြုလေးစားမိလာသည်။

အမေ စကားပြောမည့် စင်ပေါ် တက်သွားသည်။ လူအုပ်ကြီးကား စင်ရှေ့ နောက် ဘယ်ညာ ၀ိုင်းပတ်လျက် သူတို့ချစ်သော ပြည်သူ့ ခေါင်းဆောင် လူထုခေါင်းဆောင်ကို အနီးဆုံးမြင်လိုဇော က ဖုန်လည်းမမှု၊ လူတိုးလည်း မကြောက်၊ ပြုံးရင်း တိုးသည်။ တိုးရင်းပြုံးသည်။ အမေ့ကား အနားမှာ ကျနော် ရပ်ကျန်ခဲ့သည်။ အမေ လူထုကို စကားတွေ ပြောသည်။ လက်ခုပ်သံတွေက မဆဲ။ အမေ့မိန့်ခွန်းပြီးပြီ။ အပြန်ခရီးတွင်လည်း လူအုပ်က တိုးမပေါက် ပို၍ပင် ရှုပ်ထွေးကျပ်တည်းသည် ထင်ရသည်။ လူတွေ ခြေထောက်ကို ကားဘီး မနင်းမိစေရန် မနည်းတောင်းပန်ရသည်။ ကျနော်က ခြေထောက်လေးတွေ ဂရုစိုက်ပါခင်ဗျာ။ ဘီးနဲ့မလွတ်ပဲ နင်းမိမှာစိုးလို့ပါနော် လို့ တောင်းပန်စကားနဲ့ ဆိုသော်လည်း တချို့ကား အမေ့ကားနဲ့ ကြိတ်မိလို့ကတော့ ဘာပြတ်ပြတ် ခံရဲတယ် ဆိုသတည်း။ အမေ့ကို ဤမျှ ချစ်ကြသည် ဆိုလျှင် အမေဦးဆောင်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများသည် ယခုလို ရဲရင့်ရိုးသားသော ပြည်သူ့အားများနှင့် ပေါင်းစုအညီ ဟန်ချက်စီလိုက်မည် ဆိုပါက ကျနော်တို့မျှော်လင့်သော ငြိမ်းချမ်းသည့် အနာဂတ်ကား မဝေးတော့ဟု ရဲရဲ ဆိုရပေလိမ့်မည်။ အမေ့ စကားတခွန်းကိုသာ ကျနော် မှတ်မိလိုက်သည်။

အိမ်တအိမ်တွင် အမေရှိရင် ထမင်း မငတ်ဘူး ဆိုသော ကြွေးကြော်သံအပေါ် အမေစုက တုန့်ပြန်မေတ္တာဓါတ်ပေးခြင်းလည်း ဖြစ်ပေလိမ့်မည်။ အမေတယောက်ထဲနဲ့ ထမင်း မငတ်အောင် လုပ်မပေးနိုင်ဘူး။ ဆန်ရှာပေးတဲ့ လူလည်း ရှိရမယ်။ မီးမွှေး ဆန်အိုးဆေး ပေးတဲ့သူလည်း ရှိရမယ်။ အားလုံးနိုင်ရာ တာဝန် ၀ိုင်းထမ်းမှ အမေလည်း ထမင်း ချက်ပေး နိုင်မှာပေါ့။ တဲ့.......................] အားလုံးအောင်မြင်စွာ ပြီးစီးသွားလေပြီ အမေ့ကားလည်း လုံခြုံဘေးကင်းစွာ ပြန်လည်ထွက်ခွါသွားနိုင်ပြီမို့ ကျနော်လည်း ကြုံရာ လမ်းကြုံ ကားဖြင့် တက်လိုက်လာခဲ့သည်။

အပြန် ယာဉ်တန်းကြီးကား ည အမှောင်လမ်းကြီးအတွင်း မဆုံးသော မီးလုံး အလင်းတန်းကြီးဖြင့် ကား အစီးရေ တရာကျော်မက ရှိပေလိမ့်မည်။ ကျနော့် တကိုယ်လုံးတွင်လည်း ဖုံတွေ သဲတွေ ချွေးတွေဖြင့် လူလည်း မျောက်ရုပ်ပေါက်နေပေပြီ။ သို့သည့်တိုင် ကျနော် ပျော်သည်။ ကျနော်လေးစားမြတ်နိုးရသော လူထုခေါင်းဆောင် အတွက် နိုင်ရာနေရာမှ တတ်စွမ်းသရွေ့ ကူညီခွင့်ရလိုက်သည်ကိုပင် ပီတိဖြာနေသည်။ ကျနော့်လိုပင် တိုင်းပြည်ကို ချစ်သော ငြိမ်းချမ်းရေးကို မြတ်နိုးသော တပ်မတော်သား စစ်မှုထမ်း ဟောင်းများ အားလုံး ပြည်သစ်တည်နိုင်မည့် ယနေ့ အခါအခွင့်ကို အကျိုးရှိစွာ အသုံးချပြီး အတိတ်တွေကို သင်ခန်းစာ ဖေါ်ထုတ် သုံးသပ်ကာ အနာဂတ်အတွက် အားလုံး အတူလက်တွဲပြီး နိုင်ငံတော်သစ်ကို တည်နိုင်ကြပေလျှင် ကောင်းပေစွ လို့ စိတ်ထဲ ကြိတ်တွေးကြည်နူးရင်း ဘတ်စ်ကားထဲတွင် အတွေးတွေနယ်ကျွံနေမိသည်။

ပင်ပန်းလာသမျှတို့ မေ့ပျောက်ပြီး အနာဂတ် နိုင်ငံတော်သစ် တိုးတက်မှု အပြည့်ဖြင့် ဆင်းရဲခြင်းပျောက် ငြိမ်းချမ်းခြင်းသို့ ရောက်မည့်နေ့ကို မျှော်တွေးကြည်နူးရင်း မျက်လုံးကို မှိတ်ကာ လိုက်လာခဲ့သည်။ တချက် သတိဝင်လာပြီး ဘေးဘီသို့ လှည့်ကြည့်မိသော အခါ အတူတူ ကားစီးလာသော ခရီးသည်များ ထဲမှ အချို့သည် ကျနော့်အား မသတီသလို သော်လည်းကောင်း သနားစရာ လူတယောက် အနေနဲ့ သော်လည်းကောင်း ကြည့်နေကြသည်ကို သတိထားမိသည်။ ထိုအခါမှ ကိုယ့်ဘာသာ ပြန်ကြည့်မိတော့သည်။ ကျနော့် မျက်လုံးတို့ မှိတ်နေသည်။ ၀တ်ထားသော လည်ကတုံး အကျီမှာလည်း မြေနီတို့က မြေကွင်းပြင်ပေါ်တွင် ကျနော်မူးလဲလူးလှိမ့်ထားသည့်နှယ်။ ခေါင်းတွင်လည်း မြေနီတို့ ရဲရဲ ခြေဖ၀ါးမှ ဖိနပ်သည်လည်း မြေနီတို့ရဲရဲ၊ တကိုယ်လုံးလည်း ရဲရဲ။ အတူစီး ခရီးသည်တို့ကတော့ ထင်ပေလိမ့်မည်။ ကျနော်သည် အရက်အမူးလွန်ပြီး မြေပြင်ကို ရေပြင်ထင်ကာ ၀မ်းလျားမှောက် လူးလှိမ့်ကာ အခု အမူးမပြေ့တပြေဖြင့် အိမ်သို့ပြန်လာသည့် အမူးသမား တယောက် ငမူးငရူး တယောက်ဟုပင် ထင်ကြပေလိမ့်မည်။ အချိန်ကလည်း သေရည်မင်းသားတို့ ပြန်ချိန် ည ၉ နာရီ ၀န်းကျင်ပင် ဖြစ်နေလေပြီကိုး။ ကျနော် ကြိတ်ပြုံးမိပါသည်။ ကျနော် ဘာကြောင့် အခုလို မျောက်ဖြူပေတလူ ဖြစ်ရသည် ကို ကျနော်သာ သိပါသည်။ ဘေးဘီက ခရီးသည်တွေ ဘယ်လိုထင်ထင် ကျနော် မရှက်အားပါ။ အချိန်တွေက စကားပြော လာပါလိမ့်မည်။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment