Saturday, 25 August 2012





မျောက်ကလေးနဲ့သစ်သားပန်းသီးများ



တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။ သူ
ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ အနားယူလို့
အဲဒီတောအုပ်ထဲမှာ ပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာတော့ သူဟာ
မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ် ။ အဲဒီမှာ
သူမြင်လိုက်ရတာက အရမ်း ကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့
ပန်းကန်လုံးကြီးကိုပေါ့ ။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး
တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။

မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ
မရဘူး ။ ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ
နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ် ။ ပန်းသီးတွေ ဟာ တကယ်တော့
သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။
တခြားမျောက် လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ် ။
အဲဒီအခါ ပန်းသီးပိုင် ရှင် မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ
ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင်
ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ် ။ ပန်းသီးတွေ က
နေရောင်နဲ့ကြည့် တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင်
လုပ်ပေးနေ တယ်လို့ မျောက် ကခံစားနေရတယ် ။ ပန်းသီတွေကိုပဲ
သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေ တာကိုတောင်
မေ့လျော့သွားခဲ့တယ် ။

သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက
လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့
အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင်
သူမချနိုင်ဖြစ်နေခဲ့တယ် ။ တကယ်တော့ သူ နားလည်း မနားရသလို သူ့
ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက်
အချိန်တိုင်းကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က
ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက် မှာ
လျှောက် သွားနေ ခဲ့ရတယ် ။

ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။
သနားစရာကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ်
။ သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ သူ
မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေ
နဲ့ပဲပြည့်နေခဲ့တယ် ။ အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ
ဘာဆက်ဖြစ်မလဲ ?

သူ့လက်ထဲ သယ်ဆောင်ထားတဲ့ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။ သူ
အရမ်းလည်း ပင်ပန်းနေ ခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က
သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက်သွားတယ် ။
သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက်
လို့ သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု
ပြန်ပြီးပြုံးပျော်နိုင်ပါပြီ ။

----------------------------------------------------

မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို
ကျွန်တော်တို့ ဘ၀တလျှောက် လုံး သယ်ဆောင်ထားကြတယ် ။ ပုံပြင်လေးရဲ့အဆုံးက ၂
ခုဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီး ပင်အောက်မှာ
သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲ
ဝင်သွားခဲ့တယ် ။ နောက်တစ်ခုကတော့ ကျွန်တော်အပေါ် မှာရေးခဲ့သလို
ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ ပျော်ရွှင် မှုကို ရွေး
ချယ်လိုက်တယ် ။ ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမ၀င်တဲ့
သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ
သေပွဲ ၀င်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးမဟုတ်လား ။

ဒါဆို ကျွန်တော်တို့ဘ၀မှာရော မျောက်ကလေးလိုပဲ ဘာတွေကို
သယ်ဆောင်ထားမိကြပါလိမ့် ။ စည်းစိမ် ဥစ္စာ တွေလား ၊
စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ၀မ်းနည်းစရာတွေလား ၊ မာန်မာနတွေလား
၊ ဘွဲ့ထူးဂုဏ် သိမ်တွေလား တစ်ခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ
ကျွန်တော်တို့ေ လျှာက်သွားနေမိကြတယ် ။

" လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင်
တကယ့်ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် "

သက်တန့်ချို
The Monkey With The Wooden Apples အားဘာသာပြန်ခံစားသည် ။


No comments:

Post a Comment