ဘဝရဲ့ မိတ်ကပ်
မိတ်ကပ်ဆရာတစ်ဦးနဲ့ ကျွန်မရင်းနှီးခဲ့တယ်။ သူဟာ မိတ်ကပ်အကြောင်းကို
တကယ့်နားလည်သူဖြစ်ပြီး မိတ်ကပ်ပညာနဲ့ နာမည်ကျော်ကြားသူဖြစ်တယ်။
သူနဲ့ ကျွန်မက အလုပ်အကိုင် နယ်ပယ်လုံးဝမတူသူပါ။ ဒါပေမဲ့ သူ့ရဲ့ပညာကို
ကျွန်မစိတ်ဝင်စားခဲ့တယ်။ ကျွန်မရဲ့အသိဉာဏ်ထဲမှာ မိတ်ကပ်လိမ်းတယ်ဆိုတာ
ဘယ်လောက်ပဲ ပညာသားပါနေနေ အရေပြားပေါ်က လိမ်းခြယ်မှုလိုပဲ ထင်ထားခဲ့တယ်။
ဒါဟာ အသိဉာဏ်မရှိသူတွေရဲ့ လိုအင်တောင့်တမှုလို့လည်း ထင်ခဲ့တယ်။
ဒီလိုနဲ့ စိတ်ဝင်စားမှုကို မအောင့်နိုင်တဲ့အဆုံး သူ့ကို ကျွန်မမေးလိုက်တယ်။
"မိတ်ကပ်ပညာကို ရှင်လေ့လာခဲ့တာ နှစ်နဲ့ချီကြာခဲ့ပြီ။ ဘယ်လို လိမ်းခြယ်မှ
အလှပြင်တတ်သူလို့ခေါ်သလဲ? မိတ်ကပ်လိမ်းခြယ်တဲ့ အမြင့်ဆုံးစံထားက ဘာလဲ?"
ဒီလိုမေးခွန်းကိုကြားတော့ သူဟာ လေးလေးနက်နက်ပြုံးပြီး
"မိတ်ကပ်လိမ်းခြယ်တဲ့ အမြင့်ဆုံးစံထားကို စကားလုံးတစ်လုံးနဲ့ပဲ
တင်စားမယ်။ အဲဒါကတော့ "သဘာဝ" ပဲဖြစ်တယ်။ အဆင့်မြင့်တဲ့ မိတ်ကပ်ပညာ၊
လေ့လာဆန်းစစ်မှုများများလုပ်ခဲ့တဲ့ မိတ်ကပ်ပညာဆိုတာ အလှပြင်ထားရင်တောင်
ပြင်ထားမှန်းမသိသာစေဘူး။ ပြီးတော့ ဒီလိမ်းလိုက်တဲ့မိတ်ကပ်နဲ့
အလိမ်းခံရသူကလည်း လိုက်ဖက်ညီရတယ်။ အလိမ်းခံရသူရဲ့ ပင်ကိုစရိုက်၊
ထူးခြားတဲ့အရည်အသွေးကို ထင်ဟပ်ပြနိုင်ရတယ်။ အဲဒီထက် အဆင့်တစ်ဆင့်နိမ့်တဲ့
မိတ်ကပ်ပညာကတော့ လူကို ပိုထင်ပေါ်အောင်၊ လူတွေ ပိုဂရုစိုက်မိအောင်
ပြင်ဆင်ထားတာပဲ။ အဆင့်အနိမ့်ဆုံးကတော့ ကြည့်လိုက်တာနဲ့ မိတ်ကပ်တွေ
ထူလပျစ်လိမ်းထားမှန်း သိသာတဲ့အပြင် မျက်နှာတစ်ခုံးလုံးလည်း
ဆက်စပ်ညီညွှတ်မှုမရှိဘူး။ ဥပမာ- မျက်လုံးသေးတဲ့လူတစ်ယောက်ကို
မျက်ခုံးမွှေးထူထူဆွဲပေးတာတို့၊ မျက်နှာကြီးတဲ့လူကို မျက်နှာပြင်တစ်ခုလုံး
ဖြူရော်နေအောင် လိမ်းပေးတာတို့၊ ပါးစပ်ကြီးတဲ့လူကို နှုတ်ခမ်းအနီရဲရဲ
ဆိုးပေးတာတို့ပေါ့…."
မိတ်ကပ်လိမ်းရဲ့ အမြင့်ဆုံးစံထားတာ မိတ်ကပ်မလိမ်းတာတဲ့၊ သဘာဝတဲ့။
ကျွန်မတွေးတောင် မတွေးခဲ့မိဘူး။ ကျွန်မကို ပိုလို့တောင်
အံ့သြသက်ဝင်စေခဲ့တယ်။
ကျွန်မ စိတ်ဝင်တစားနားထောင်နေမှန်း သိတော့ သူကဆက်ပြောတယ်။
"ဒါက ရှင်တို့ရဲ့ ဝတ္ထု၊ ဆောင်းပါးရေးတာနဲ့ တူမနေဘူးလား? အဆင့်နိမ့်တဲ့
စာတစ်ပုဒ်က စကားလုံးအသုံးအနှုန်းတွေ အစုအပုံလိုက် သုံးထားတယ်။
စာရေးသူရဲ့ပင်ကိုစရိုက်ကို ထင်ယောင်ထင်မှားဖြစ်စေတယ်၊ ပုံပျက်စေတယ်။
ကောင်းတဲ့စာတစ်ပုဒ်က လင်းလက်တယ်၊ လူကိုဆွဲဆောင်တယ်။
အကောင်းဆုံးစာတစ်ပုဒ်က စကားလုံးအသုံးအနှုန်းတွေ အများကြီး သုံးမထားဘူး။
စာရေးသူရဲ့ သဘာဝကျတဲ့ အရေးအသားကို တွေ့မြင်နိုင်တယ်။ ဖတ်တဲ့အချိန်မှာလည်း
ဒါဟာ စာတစ်ပုဒ်ကိုဖတ်နေတာနဲ့ မတူဘူး။ ဘဝတစ်ခု၊ အသက်တစ်ခုကို
ဖတ်နေတာနဲ့တူတယ်"
ဘယ်လောက်အသိဉာဏ်ရှိလိုက်တဲ့ လူလဲ! ဒါပေမဲ့ "မိတ်ကပ်အလိမ်းခံသူတွေက
ပြင်ပအရေပြားပေါ်မှာပဲ အားစိုက်ထုတ်တဲ့သူပဲ" လို့ ကျွန်မ ရေရွတ်မိတယ်။
"ဒါ မှားတယ်…" မိတ်ကပ်ဆရာက ကျွန်မကိုပြောတယ်။ သူကပဲဆက်ပြီး…
"မိတ်ကပ်လိမ်းတယ်ဆိုတာ နောက်ဆုံးအဆင့်တစ်ခုပဲ။ မိတ်ကပ်နဲ့
ပြောင်းလဲနိုင်တဲ့အရာ နည်းတယ်။ ပိုနက်ရှိုင်းတဲ့ မိတ်ကပ်လိမ်းခြယ်နည်းက
လူတစ်ယောက်ရဲ့ ကိုယ်လက်ကြံ့ခိုင်မှု၊ နေ့စဉ်ဘဝကို ပြောင်းလဲတာပဲဖြစ်တယ်။
အိပ်ရေးဝဝအိပ်မယ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်၊ အစာအာဟာရ မျှတစွာ
စားသုံးမယ်၊ ဒီလိုဆိုရင် သူ့အရေးပြားတွေက ကောင်းမွန်ပြီး၊
နှိုးကြားတက်ကြွနေမယ်။ ဒါဟာ မိတ်ကပ်လိမ်းထားတာထက် ပိုအကျိုးရှိတယ်။
ဒီ့ထက်ပိုနက်ရှိုင်းတဲ့ မိတ်ကပ်လိမ်းခြယ်နည်းက အရည်အသွေးကို
ပြောင်းလဲတာပဲဖြစ်တယ်။ စာများများဖတ်မယ်၊ ပန်းချီ၊ အနုပညာတွေကို
များများခံစားမယ်၊ များများတွေးတောမယ်၊ အကောင်းမြင်စိတ်ထားမယ်၊ ဘဝကို
ယုံကြည်မှုရှိမယ်၊ စိတ်နှလုံးကောင်းမယ်၊ တစ်ပါးသူကို ဂရုစိုက်မယ်၊
ကိုယ့်ကိုယ်ကို ချစ်ခင်လေးစားမယ်… ဒီလိုလူမျိုးက အလှပြင်မထားလည်း
ဘာမှမဖြစ်ဘူး။
မျက်နှာပေါ်က လိမ်းခြယ်မှုဆိုတာ လူတစ်ယောက်အတွက် နောက်ဆုံးအဆင့်
လိမ်းခြယ်ခြင်းပဲ။ စကားသုံးခွန်းနဲ့ လွယ်လွယ်ကူကူပြောရရင်
အဆင့်အနိမ့်ဆုံး လိမ်းခြယ်ခြင်းက မျက်နှာရဲ့လိမ်းခြယ်ခြင်း၊ ဒုတိယအဆင့်
လိမ်းခြယ်ခြင်းက စိတ်ဓာတ်ရဲ့လိမ်းခြယ်ခြင်းနဲ့ ပထမအဆင့် လိမ်းခြယ်ခြင်းက
ဘဝရဲ့လိမ်းခြယ်ခြင်းပဲဖြစ်တယ်"
"ရှင်တို့ စာရေးသူတွေကလည်း မိတ်ကပ်လိမ်းဆရာတွေပဲ မဟုတ်လား?
အဆင့်အနိမ့်ဆုံး အရေးအသားက စကားလုံးအသုံးအနှုန်းရဲ့ လိမ်းခြယ်ခြင်း၊
ဒုတိယအဆင့် အရေးအသားခြင်း စိတ်ဓာတ်ရဲ့လိမ်းခြယ်ခြင်း၊ ပထမအဆင့် အရေးအသားက
ဘဝရဲ့လိမ်းခြယ်ခြင်းတွေပဲဖြစ်တယ်။ ဒီလိုဆိုရင် လိမ်းခြယ်တဲ့ပညာကို
ရှင်နားလည်ပြီလား?"
သူ့ရဲ့ရှင်းပြချက်နဲ့ သူ့ရဲ့အသိပညာကို ကျွန်မဦးညွှတ်မိပါတယ်။ အရင်က
မိတ်ကပ်ဆရာတွေအပေါ် အမြင်လွဲမှားခဲ့တာတွေအတွက် ကျွန်မကိုယ်ကျွန်မ
ရှက်ရွံ့မိပါတယ်။
မိတ်ကပ်ဆရာကို နှုတ်ဆက်ပြီး ကျွန်မအိမ်ပြန်ခဲ့တယ်။ အိမ်အပြန်လမ်းက
မည်းမှောင်တဲ့လမ်းတစ်နေရာမှာ လမ်းလျှောက်ရင်း ကျွန်မ ဒီလို
အသိတရားရခဲ့မိတယ်။
"ဒီလောကမှာ အပြင်ပန်းအရာတော်တော်များများက တစ်ကိုယ်တည်းထီးထီး
တည်ရှိနေကြတာမဟုတ်ဘူး။ သူတို့မှာလည်း နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေရှိကြတယ်။
အပြင်ပန်းကို ပြောင်းလဲနိုင်တဲ့အကောင်းဆုံးနည်းက အပြင်ပန်းပေါ်မှာ
သကာဖုံးတာမဟုတ်ဘဲ အတွင်းစိတ်ကို အရင်ပြုပြင်တာပဲဖြစ်တယ်။ ဒါပေမဲ့
နှမြောစရာကောင်းတာက အပြင်ပန်းအပေါ် သကာဖုံးသူတွေက ဒီလိုသဘောထားကို
နားလည်သူတွေ မဟုတ်ခဲ့ကြဘူး"
မူရင်းရေးသားသူ -- Lin Ching Yuen
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--
*--
No comments:
Post a Comment