Black list ကို Black coffee လို အငမ်းမရ သောက်နေတဲ့ ( ၂၄ ) နှစ် 
အိမ်အလွမ်း ဒဏ်ရာကို အနာလည်းရှိ ဆေးလည်းသိရဲ့သားနဲ့ 
မေ့ဆေးပေးပြီး မကုပဲ ပစ်ထားခဲ့တာ ကြာပြီ..၊ 
မျှော်နေမဲ့ အမေအိုဟာ တရား ဓမ္မနဲ့ မွေ့လျော်ရမဲ့ အစား 
သားပျောက် သမီးပျောက်ရှာ ရင်း ၊ သောက မီးတောက်နဲ့ ဗျာများနေမယ်မှန်းလည်း  
သိတယ် .. 
ဒါပေမဲ့ အမှန်တရားကို ရှာရင်း အမှားတရံကို ဖိနပ်လို စီးတဲ့ ( ၂၄ ) နှစ်......။ 
ခွဲခွာခဲ့ အလင်းမဲ့ အတိတ်ရထားကို ပြန်စီးစဉ် 
လူမြင်မခံ ၀ံ့တဲ့ မျက်ရည်တွေ သွေးတွေ သမိုင်း စာမျက်နှာပေါ် မြစ်လို စီးဆင်း 
ယုံကြည်ချက် ဒုက္ခတွေနဲ့ စီးချင်းထိုး  ဘ၀တိုက်ပွဲ 
မတရား ဆုံးရှုံးမှုများ ဥပဒေမဲ့ တောလမ်းပေါ် မှာပြန့်ကျဲခဲ့တယ်....၊ 
လူငယ်ဘ၀တွေ တောနက်နက်မှာ စတေးခဲ့တာတောင် 
မျက်နှာကို တံတွေးထွေးခံရတဲ့ ( ၂၄ )  နှစ်......။ 
ကြယ်ရောင်ပျောက် ကောင်းကင်အောက် အမှောင် ကျေးလက် 
ဗန်ဂိုး ပန်းချီကားလို အနုပညာ တန်ဖိုး ကြီးပြီး လှပစဲ..စိတ်ထဲ 
ကွဲကွာခဲ့ မြို့ပြက ကျောက်ပတ်တီး  အဖွေးသားနဲ့ 
အရင်လိုပဲ မိုနာလီဇာလို ဟန်ဆောင် ပြုံးကောင်းတုန်း... 
နုပျိုစဲ အားမာန်တွေ ဓားတစ်လက်လို အသွားထက်ခဲ့ ( ၂၄ ) နှစ်...။ 
အဝေးမှာ အတားအဆီးများ သွေးပင်လယ်လို ကာစီး 
မရင့်ကျက်တဲ့ အတွေးအခေါ်တွေ မုန်တိုင်းမိ လှေငယ်လို လှုပ်လူးနေတယ် .....၊ 
အနီးမှာ အနှောက် အယှက်များ မီးတောင်တန်းလို  ပိတ်ဆို့ 
ကိုယ်ကျိုးကြည့် အတ္တလူတွေ အတောင်ကျိုးငှက်လို သိုက်မြုံပြန်တယ် .... 
ချုပ်ရိုးပြဲ ဘောင်းဘီလို မ၀တ်ပဲ ပစ်ထားခဲ့ချင်ပြီ ( ၂၄ ) နှစ်..........။ 
ညနက်နက်မှာ ရှားဖဲကို စောင့်ရင်း စိတ်မရှည်ပဲ ထဆဲကြတော့ 
မျက်မှန်စိမ်းတပ်ထားတဲ့ ညီညွတ်ရေးဟာ သွေးအားနည်း ၊ 
သပ်လျှိုသလို အပေါ်ယံ ဆက်ဆံရေးတွေနဲ့ မပြောင်းမလဲ  သွေးခွဲ 
အမေ့ကို ချစ်ပေမဲ့ အဝေးရောက်သားရဲ့ အတွေး ဂယက်မှာ နစ်စဲ 
လူ့ အခွင့်အရေးထက် ကိုယ့် အခွင့်အရေးတောင်းတဲ့သူတွေ မရှိတဲ့ တစ်နေ့ 
သေနတ်သံတွေ တိတ်မှ  သား အိမ်ပြန် အိပ်တော့မယ် အမေ..... 
ငြိမ်းချမ်းရေး ချိုးငှက်တွေ နာဖျားခဲ့တဲ့ ( ၂၄ ) နှစ်...။ 
ဥပဒေကို ပြုစုရမဲ့အစား Black list ကိုပြုစုရင်း အချိန်ဖြုန်းခဲ့ 
Black list ကို Black coffee လို အငမ်းမရ သောက်နေတဲ့ ( ၂၄ ) နှစ်..။ 
အောင်ခိုင်မြင့် 
၉ စက်တင်ဘာလ ၂၀၁၂ 
(  ၈.၈.၈၈ ) ဒီမိုကရေစီ လူထု တော်လှန်ရေး မှ( ၂၄ ) နှစ်တိုင် သိပ်ချစ်သော  အမိမြေနဲ 
့ မိခင်ကို ခွဲခွာပြီး ယနေ့တိုင် အိမ်မပြန်ဖြစ်သော ဘ၀တူများအတွက် ၊အထူးသဖြင့် ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးပြီး အမိမြေနဲ့ မိခင်ကို ထာဝရခွဲခွာသွားသော သူရဲကောင်းများအတွက် )  | 
__._,_.___
,_._,___
No comments:
Post a Comment