ကျွန်တော်တို့ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးလှုပ်ရှားတောင်းဆိုမှုဟာ အခုအခါမှာ အကူးအပြောင်းကာလတစ်ခု ကို ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ဗြိတိသျှကိုလိုနီသမားလက်ထက်မှာ သူတို့သစ္စာတော်ခံကျွန်ယုံတွေရဖို့သက်သက် ရည်ရွယ်ထားတဲ့ ကိုလိုနီပညာရေးပုံစံနဲ့ပုံသွင်း ထုတ်လုပ်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းဖဆပလခေတ်မှဲာပြည်တော်သာပညာရေးစီမံကိန်းရေးဆွဲပြီး ၁၉၅၂-၅၆ကာလအကောင်အထည်ဖော်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။အကြပ်အတည်းအများအပြားကြုံတွေ့ပျက်ပြယ်ခဲ့ရပါတယ်။ဒါဟာဘာကြောင့်လည်းဆိုရင်ပညာရေးပြုပြင်ပြောင်းလဲရေးကိုဖော်ဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းမှာ အရာရှိဆိုးစနစ်ထွန်းကားပြီး အကျင့်ပျက်ခြစားမှုဒုနဲ့ဒေးရှိခဲ့တာဟာ အဓိက ပြဿနာ အရင်းခံ အကြောင်းတရားပါ။ပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှုကိုပြည်သူနဲ့ကျောင်းသားတွေရဲ့ဆန္ဒ ကျယ်ကျယ်ပြန့်ပြန့်မခံယူဘဲ အစိုးရဘက်တစ်ဘက်တည်းကသာ လုပ်ဆောင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ချက်တွေဟာ လူတစ်စုအတွေးအခေါ်အရ လုပ်ဆောင်တဲ့ တလမ်းမောင်း ပညာရေးစနစ် သာဖြစ်ပါတယ်။ ပဒေသရာဇ်စနစ်ရဲ့အငွေ့အသက် အကြွင်းအကျန်တွေဖြစ်လို့ အများစုပြည်သူနဲ့ ကျောင်းသားထုအပေါ် မလေးစား တန်ဖိုးမထားတာတွေ့ရပါတယ်။ကိုလိုနီခေတ်၊ဖဆပလခေတ် ပညာရေးပြုပြင်ပြောင်းလဲရေးတွေဟာ ပြည်သူနဲ့ကျောင်းသားထုဆန္ဒမပါရှိတဲ့လုပ်ဆောင်ချက်တွေဖြစ်လို့မအောင်မမြင်ဖြစ်ရတယ်။ ကျောင်းသားနဲ့ ပြည်သူကိုခြွင်းချန်ထားပြီး ပညာရေးပြုပြင်ဖို့ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်ဘူးလို့ သမိုင်းသက်သေပြ သင်ခန်းစာယူရလိမ့်မယ်။
ဖဆပလခေတ်ကုန်ဆုံးပြီး ဗမာပြည်မှာစစ်အာဏာရှင်စနစ်ကို စတင်အသက်သွင်းလိုက်ချိန်မှာတော့ပညာရေးဆုတ်ယုတ်မှုဟာ စံချိန်တင်လောက်အောင်ဖြစ်ပေါ်ကျဆင်းခဲ့ပါတယ်။အဓိကကတော့ အုပ်ချုပ်သူလူတန်းစားဟာကျောင်းသားပြည်သူကို မလေးစားရုံတင်မက ရန်သူသဖွယ် သဘောထားဆက်ဆံမှုတွေပါ ရှိလာတာကြောင့်လို့ပြောရပါမယ်။အုပ်ချုပ်တဲ့စစ်အစိုးရဟာကိုလိုနီတစ်ပိုင်း ပဒေသရာဇ်တစ်ပိုင်းဖြစ်နေတဲ့ ဗမာပြည်ပညာရေးစနစ်ကို ထပ်မံဖာထေးသုံးစွဲခဲ့ပြန်တယ်။ဒီလိုဖာထေးတဲ့နေရာမှာသူတို့ကိုယ်ပိုင်ဖြစ်တဲ့ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်၊မဟာလူမျိုးကြီးဝါဒ၊စစ်သူရဲကောင်းဝါဒ၊ဒီမိုကရေစီဖျက်သိမ်းရေးမူ၊အတွေးအခေါ်ပိတ်ပင်တားမြစ်ရေးရည်ရွယ်ချက်တွေပါထပ်လောင်းပေါင်းထည့်ခဲ့ပြန်တယ်။
စစ်အာဏာရှင်ခေတ်တလျှောက် လူမျိုးစုတွေရဲ့ မိခင်ဘာသာစကားသင်ကြားမှုလုံးဝပိတ်ပင်ခံရတာ၊
ယိုးဒယား-မြန်မာစစ်ပွဲအဟောင်းတွေကိုဖုန်သုတ်ပြီးကျောင်းသင်ခန်းစာထဲပြဌာန်းခဲ့တာ၊သမဂ္ဂတွရဲ့ အခန်းကဏ္ဍကို စနစ်တကျ ဖျက်သိမ်းပိတ်ဆို့ခဲ့တာ၊ပညာရှင်တွေကိုနောက်တန်းပို့ပြီး ကပ်ဖားရပ်ဖားတွေကို ပွဲထုတ်တာတွေဟာ စစ်ဝါဒပုံဖော်မှုတွေပဲလို့ ခြုံငုံသုံးသပ်ရပါလိမ့်မယ်။ဒီလိုအခြေအနေတွေအောက်မှာကျောင်းသားလှုပ်ရှားမှုတွေ ဘယ်လိုဖြစ်ပေါ်ခဲ့သလဲ။ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေ ဘယ်အတိုင်းအတာအထိလုပ်ဆောင်နိုင်ခဲ့သလဲ။ပညာရေးပြုပြင်ပြောင်းလဲမှုကြိုးပမ်းချက်တွေ ဘယ်အဆင့်ထိ ရောက်ခဲ့ကြသလဲ…။ကျွန်တော်တို့ဆန်းစစ်လေ့လာကြပါစို့။
အမှောင်ထု၊တိုက်ပွဲဖိအားနှင့် အပြန်အလှန်အကျိုးသက်ရောက်ချက်များ
ကိုလိုနီထမ်းပိုးအောက်က ဗမာပြည်သားတွေ ညီညီညွတ်ညွတ်ရုန်းကြဖို့အတွက် ပထမကျောင်းသားသပိတ်အပြီးမှာပဲအမျိုးသားကျောင်းတွေနဲ့အမျိုးသားပညာရေးစနစ်ကို စတင်ကြံဆအကောင်အထည်ဖော်ခဲ့ကြပါတယ်။နယ်ချဲ့အုပ်ခုပ်ရေးအောက်မှာမိမိတို့စာပေ။ယဉ်ကျေးမှု၊အနုပညာ၊အမျိုးသားရေးဆိုင်ရာ ထိမ်းသိန်းကာကွယ်ရမယ့် သဘာဝပတ်ဝန်းကျင်အမွေအနှစ်တွေ မပျောက်ပျက်အောင်ကာကွယ်ဖို့ ကျောင်းသားထုဟာ ပြည်ချစ်စိတ်ဓာတ်မွေးပြီးအမျိုးသားပညာရေးတိုက်ပွဲအလံကို အမြင့်မားဆုံးလွှင့်ထူခဲ့ကြပါတယ်။တက္ကသိုလ် ကောလိပ်တွေကကျောင်းပြီးသွားတဲ့ ကျောင်းသားတစ်ဦးဟာ ဘဝအာမခံချက်ရရှိဖို့နဲ့ အမိနိုင်ငံတည်ဆောက်ရေးမှာကျရာတာဝန်ထမ်းဆောင်ပြီး တတပ်တအားပါဝင်ဖို့ အမျိုးသားပညာရေး တောင်းဆိုခဲ့ကြတာပါ။ကိုလိုနီခေတ်ကျောင်းသားထုတိုက်ပွဲဟာနယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအထိတိုးချဲ့နိုင်ခဲ့လို့ ၁၉၄၈ ဇန်နဝါရီ၎ရက်နေ့မှာ ဗမာပြည်လွတ်လပ်ရေးရသည်အထိ အောင်မြင်ခဲ့တယ်လို့ ပြောရပါမယ်။
လွတ်လပ်ရေးရပြီး ဗမာပြည်ပညာရေးဟာ ကိုလိုနီပညာရေးကို ဖာထေးဖြည့်စွက်မွမ်းမံတီထွင်ထားတဲ့ပညာရေးစနစ်သက်သက်သာဖြစ်ခဲ့တယ်။အဲဒီ့ခေတ်အစိုးရဟာ တိကျတဲ့ပညာရေးဝါဒနဲ့ ထိုဝါဒအပေါ်အခြေခံရမည့်ပညာရေးစနစ်မရှိကြောင်း သိသိသာသာတွေ့ရတယ်။ဒါကြောင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်ပြီးသမဂ္ဂရဲဘော်အားလုံးက တောင်တန်းပြည်နယ်များမှာနေထိုင်တဲ့ လူမျိုးစုကျောင်းသားရဲဘော်တွေနဲ့အတူလက်တွဲပြီးပညာရေးပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ခဲ့ပါတယ်။ပညာ ရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊တန်းခွဲတန်းချစနစ်ဖျက်သိမ်းရေးတိုက်ပွဲများ ဆင်နွှဲခြင်း၊ပြည်သူမုန်းတဲ့စစ်သုံးဘတ်ဂျက်လျှော့ချပြီးပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့တောင်းဆိုခြင်းတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။အစိုးရကိုပညာရေးမူဝါဒချမျတ်ဖို့၊ဒီမိုကရေစီပညာရေးစနစ်တည်ဆောက်ဖို့ အကြံပြုချက်တွေပေးပို့ခဲ့ပါတယ်။ကျောင်းသားပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို မယုံကြည်တဲ့အစိုးရဟာ ကျောင်းသားသမဂ္ဂတွေရဲ့ တရားဝင်ရပ်တည်ခွင့်ကိုဖျက်သိမ်းပစ်ဖို့ကြိုးစားပြီး ကျောင်းသားထုပညာရေးတိုက်ပွဲကို လက်တုံပြန်တိုက်ခိုက်လာတာတွေ့ရှိခဲ့ရပါတယ်။
ပညာရေးကိုလျစ်လျုရှုမှု၊ပြည်တွင်းစစ်အဆတ်မပြတ်ဆင်နွှဲမှု၊တိုင်းပြည်မငြိမ်မသက်ဖြစ်မှုတို့ကြောင့်ကျောင်းသားတို့၏ အတွေးအခေါ်နှင့် အရည်အချင်းဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။၁၉၆၂မှာစစ်အုပ်စုက အာဏာသိမ်းပြီး ဒီမိုကရေစီကို အကြွင်းမရှိ ဖြိုလှဲကာ လူသတ်ဝါဒ၊လက်နက်အားကိုးဝါဒဖြင့်ပြည်သူကိုစိန်ခေါ်ခဲ့ပါတယ်။ကျောင်းသားထုဟာ ဒီမိုကရေစီကျဆုံးခြင်းကို ဆန့်ကျင်ကန့်ကွက်ဖို့ အသက်အသေခံပြီးလမ်းမထက်မှာ ခွပ်ဒေါင်းအလံစွဲကိုင် တိုက်ပွဲဝင်ခဲ့ရပြန်ပါတယ်။အခွင့်ကောင်းကိုချောင်းနေတဲ့စစ်အာဏာရှင်တွေဟာ သမိုင်းအစဉ်အလာကြီးမြတ်တဲ့ ကျောင်းသားသမဂ္ဂတွေကို တချက်တည်းနဲ့ဖျက်သိမ်းပစ်ဖို့အယုတ်မာဆုံးနည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။၁၉၆၂ ဇူလိုင်တိုက်ပွဲတွေ တော်တော်ပြင်းထန်ခဲ့ပြီးတကသအဆောက်အဦး ဗုံးခွဲဖြိုချသည်အထိ ကျောင်းသားထုကို နှိပ်ကွပ်ခဲ့ကြပါတယ်။အဲဒီအချိန်ကစလို့ဗမာပြည်သမိုင်းမှာ အရေးအပါဆုံးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင်တက္ကသိုလ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ ကျောင်းသားသမဂ္ဂတွေဟာ တရားဝင်ရပ်တည်လှုပ်၇ှားခွင့်ဆုံးရှုံးခဲ့ရပါတယ်။
အာဏာရှင်ခေတ်တလျှောက်လုံး ပညာရေးကို အမျိုးမျိုးစမ်းသပ်ခဲ့ကြတယ်။စနစ်သစ်ပညာရေးခေါင်းစဉ်တပ်ပြီး ကျောင်းသားတွေကို ဓာတ်ခွဲခန်းထဲက ယုန်ကလေး၊ပူးကလေးတွေလိုစမ်းသပ်ခဲ့တယ်။ပညာရေးဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျ နိမ့်ပါးသွားရတယ်။သင်ထောက်ကူပစ္စည်းမလုံလောက်မှု၊စာသင်ဆောင်နဲ့ ကျောင်းသားအဆောင်မလုံလောက်မှု၊အဆောင်တွေမှာ အစားအသောက်ညံ့ဖျင်းမှု၊ကျောင်းကြိုကားတွေ အဆင်ပြေအောင်စီစဉ်မပေးနိုင်မှု စတာတွေဟာ ကျောင်းသားတွေရဲ့မကျေနပ်ချက်ကို တိုးပွားစေခဲ့ပါတယ်။သင်ယူရရှိခဲ့တဲ့ ပညာဟာ ကျောင်းပြီးသွားရင် ဘဝအာမခံချက်မပေးနိုင်တာ အဆိုးဆုံးကိစ္စပါပဲ။
ကျောင်းသားထုအခွင့်အရေးနစ်နာတာတွေရှိနေပေမယ့်ဦးဆောင်ကာကွယ်တောင်းဆိုပေးမယ့် သမဂ္ဂ မရှိတာကြောင့် ဗမာပြည်နိုင်ငံရေးဟာ နကန်းတလုံးမှမသိသူတွေလက်ထဲမှာ အကြီးအကျယ် လှိုက်စားပျက်စီးနေရပါတယ်။ကျောင်းသားသမဂ္ဂရရှိရေး ကြိုးပမ်းမှုဟာကျောင်းသားထုကြီးရဲ့ အာသီသ အပြင်းပြဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်ခဲ့တာကို ၁၉၆၉ကျွန်းဆွယ်အရေးအခင်းနဲ့၁၉၇၀ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် အရေးအခင်းတွေကိုကြည့်ပြီးသိနိုင်ပါတယ်။
၁၉၇၅မှာ မဆလနိုင်ငံတော်ကောင်စီဝင် ဒေါက်တာလှဟန်နဲ့ပညာရေးဝန်ကြီးဒေါက်တာခင်မောင်ဝင်းတို့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲလုပ်တဲ့အခါစက်မှုကျောင်းသားတွေက အထွေထွေနစ်နာချက်တွေကို ဖော်ထုတ်တောင်းဆိုပြီး ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ပေးဖို့ဆွေးနွေးရာကနေမဆလဘက်က တာဝန်မယူတာကြောင့် ကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်ခဲ့ရပြန်ပါတယ်။၁၉၇၄၊၇၅၊၇၆ သုံးနှစ်ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့အရေးတော်ပုံတွေဟာ အစိုးရက ပညာရေးအောက်ကျနောက်ကျဖြစ်နေတာကို လက်ပိုက်ကြည့်ပြီး ပြုပြင်ပြောင်းလဲမှုလုံးဝမလုပ်ခဲ့တာကြောင့်ဖြစ်တယ်။
မဆလစစ်အုပ်စုရဲ့အာဏာကို လူထုက အကြီးအကျယ်စိန်ခေါ်ခဲ့တဲ့၁၉၈၈နောက်ပိုင်းမှာလက်နက်ကိုင်ပြီး အာဏာပြန်သိမ်းတဲ့နဝတ၊နအဖအစိုးရခေတ်ပြန်ရောက်သွားပါတယ်။ဒီခေတ်မှာလည်းပညာရေးကို ဦးစားပေးခြင်း အလျင်းမရှိဘဲ ထင်ရာမြင်ရာစီမံကိန်းတွေ အတင်းချမှတ်ကာ ဗမာပြည်ပညာရေးကိုစနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။
အကျိုးဆက်များအနေနဲ့……….
၁။ဘွဲ့ရ ပညာမတတ်သူတွေပေါများလာတယ်။
၂။ဘွဲ့ရပြီးအလုပ်လက်မဲ့ဖြစ်သူတွေ တိုးပွားလာတယ်။
၃။ကျောင်းသင်ပညာရေးဟာစာကျက် စာမေးပွဲဖြေ အောင်လက်မှတ်ရတဲ့ အဆင့်ထက် မပိုတော့ဘူး။
၎။ကျောင်းသင်ပညာရေးနဲ့မလုံလောက်လို့အပြင်ကျူရှင်တွေ မှိုလိုပေါက်လာတယ်။သူငယ်တန်းကအစ ကျူရှင်ယူနေရတယ်။
၅။ဆရာဆရာမတွေကိုယ်တိုင် လစာငွေမလုံလောက်လို့ ကျူရှင်ပြနေရတယ်။ ကျူရှင်မတက်နိုင်တဲ့ကလေးတွေအပေါ်ခွဲခြားဆက်ဆံတာတွေရှိလာတယ်။
၆။ကျောင်းစရိတ်ကြီးမြင့်မှုကြောင့်ဆင်းရဲနွမ်းပါးကလေးတော်တော်များများ ကျောင်းထွက်အလုပ်လုပ်ရတယ်။ ကလေးလုပ်သား လူတန်းစားတရပ်ပေါ်ပေါက်လာတယ်။အခန့်မသင့်ရင်ကလေးစစ်သားအဖြစ် ရောင်းစားခံရတဲ့ အထိ အခြေအနေဆိုးတယ်။
၇။ဆင်းရဲနွမ်းပါးကလေးတွေကိုပညာသင်ပေးဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ နေရာအနှံ့အပြားမှာပေါ်ပေါက်လာတယ်။ပရဟိတမိဘမဲ့ကလေးကျောင်းတွေလည်း တည်ထောင်လာကြတယ်။ကျောင်းအများစုကတော့ ရန်ပုံငွေ ရှားပါးမှုနဲ့ရင်ဆိုင်နေရတယ်။
၈။ပြည်ပထွက်အလုပ်လုပ်ချင်သူတွေအတွက်လည်း သင်တန်းမျိုးစုံထွက်ပေါ်လာတယ်။စရိတ်စက ကြီးလွန်းလို့ လူတိုင်းမတတ်နိုင်ဘူး။ဒါကြောင့်ဘာသင်တန်းမှမတတ်ဘဲ ပြည်ပထွက်သွားတဲ့ unskill workersတွေဟာ သူတပါးတိုင်းပြည်မှာ ကျွန်သဘောနဲ့ အခိုင်းခံနေရတယ်။
၉။အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ် ဘာသာတွဲ(လိုင်း)ခွဲခြားခြင်းကြောင့် မိမိဝါသနာပါရာပညာကို မသင်ကြားရခြင်းဖြစ်လာတယ်။လုံးဝထိရောက်မှုမရှိသော၊စွမ်းရည်မမြင်ပမားသော စာသင်စနစ်ကြောင့်ကျောင်းသားဘဝ နစ်နာဆုံး၇ှုံ့းရပါတယ်။
၁၀။ရရှိလာတဲ့ဘွဲ့ဟာကျောင်းသားတစ်ဦးချင်းစီအတွက် ဘဝအာမခံချက် ခိုင်ခိုင်မာမာ မပေးနိုင်တာကြောင့် ဘွဲ့ရပြီးမှအကြော်ရောင်းရတာ၊ ဆိုက်ကားနင်းနေရတာတွေ ရှိလာတယ်။
ဒါတွေဟာ ထုတ်နှုတ်ယူဖို့ ထင်၇ှားတဲ့ အပြစ်အနာအဆာတွေဖြစ်ပြီးဒီထက်မကရှိသေးပါတယ်။အခုခေတ်ပညာရေးစနစ်ကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးဆိုတာ လုံးဝမ၇ှိသလောက်နည်းပါးတယ်လို့ပြောနိုင်ပါတယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းချက်နှင့်အကြံပြုချက်များ
ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေနဲ့ အကြံပြုချက်တွေကို တင်ပြပါမယ်။၂၀၁၂ခုနှစ်၊ဇန်န၀ါရီ၁၈ ရက်နေ့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့စည်းပြီးချိန်ကတည်းက ကျောင်းသားထုအရေးဦးဆောင်ရပ်တည်လှုပ်ရှားပေးမယ့် ကျောင်းသားသမဂ္ဂများကို နယ်မြေဒေသအသီးသီးမှာ လိုက်လံဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပြီးကျောင်းသား သမဂ္ဂများနဲ့ ဗဟိုအဖွဲ့ချုပ်တို့ ပူးတွဲကာပညာဒါနကျောင်းများဖွင့်လှစ်ခြင်း၊စွမ်းရည်မြှင့်တင်သင်တန်းများပေးခြင်း၊စာကြည့်တိုက်များတည်ထောင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ဗဟိုနှင့်ဒေသဆိုင်ရာသမဂ္ဂအချို့မှထုတ်ဝေဖြန့်ချီတဲ့ စာစဉ်များနှင့် လက်ကမ်းစာစောင်များတွင် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက်ဝါဒဖြန့်ချီစည်းရုံးရေးကိုလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့ပါတယ်။ဗကသများအဖွဲ့ချုပ်ရဲ့မူဝါဒ(၅)ချက်မှာ တစ်ချက်အပါအ၀င်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ဦးတည်ဆောင်ရွက်ကြဖို့ခရိုင်ပေါင်းစုံကျောင်းသားသမဂ္ဂများ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကိုလည်း ၂၀၁၃ခုနှစ်၊ဖေဖေါ်ဝါရီလမှာပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ဒီဆွေးနွေးပွဲ ရလဒ်အဖြစ် ခရိုင်အသီးသီးမှာ စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊စာပေဟောပြောပွဲများပြုလုပ်ခြင်း၊ကြေညာချက်များထုတ်ဝေခြင်း၊ပညာရေးပြုပြင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊တက္ကသိုလ်အက်ဥပဒေ ပြန်လည်ရေးဆွဲရေးဆိုင်ရာအကြံပြုစာမူများစုဆောင်းခြင်း စသည့်နည်းလမ်းများသုံးစွဲကာ ဒီမိုကရေစီပညာရေးအနှစ်သာရများကို ဖော်ထုတ်ခဲ့ကြပါတယ်။အခုလိုဖော်ထုတ်ရရှိလာတဲ့ အခြေခံသဘောတရားများကိုကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ်က လက်ရှိကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးညီလာခံမှာ အကြံပြုစာတမ်း အဖြစ် တင်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ဒီအကြံပြုချက်များကတော့_
(က) ဒီမိုကရေစီပညာရေးဖော်ဆောင်ရာတွင်တိုင်းပြည်၏လက်ရှိလူမှုစီးပွားဘ၀နှင့် ကိုက်ညီသောမူများကို အခြေခံရပါမည်။ဗကသများအဖွဲ့ချုပ်၏ ဆန်းစစ်လေ့လာမှုအရထွက်ပေါ်လာသော မူ(၃)ရပ်မှာ-
(၁) အမျိုးသားလက္ခဏာဆောင်ခြင်း(National)
(၂) အများစုအတွက်ဖြစ်ခြင်း(Popular)
(၃)သိပ္ပံနည်းကျခြင်း(Scienctific) တို့ဖြစ်သည်။
(ခ) ထိုမူများအရလုပ်သင့်လုပ်ထိုက်သောပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများမှာ-
(၁) ပညာရေးစီမံကိန်းရေးဆွဲရမည်။
(၂) ထိုသို့စီမံကိန်းရေးဆွဲရာတွင်လမ်းညွှန်အတွေးအခေါ်နှင့် မူဝါဒရှိရမည်။
(၃) ထိုအတွေးအခေါ်နှင့်မူဝါဒမှာဒီမိုကရေစီပညာရေးအခြေခံမူ(၃)ရက်ကို ထင်ဟပ်
နေစေရမည်။
(၄) ထိုအတွေးအခေါ်မူဝါဒစီမံကိန်းများချမှတ်နိုင်ရန် တစ်နိုင်ငံလုံးရှိ ကျောင်းသား-
ဆရာ-မိဘ-ပညာရေးပညာရှင်များနှင့် ပညာရေးကိုစိတ်ပါဝင်စားသူအားလုံး
ပါဝင်ဆွေးနွေးနိုင်မည့် အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ
ညီလာခံတစ်ရပ်ကို အစိုးရကိုယ်တိုင်က လက်ခံခွင့်ပြုကျင်းပပေးရမည်။
(၅) ထိုညီလာခံမှ လက်ရှိမူမမှန်သောပညာရေးအားနည်းချက်မှန်သမျှကို ပြင်ဆင်
ပြောင်းလဲပြီး တစ်တိုင်းပြည်လုံးအကျိုးရှိစေမည့်အမျိုးသားပညာရေးစနစ်
တစ်ခုလုံးကို ဖန်တီးပေးရမည်။
(ဂ) ထိုပညာရေးစနစ်မှအာမခံရမည့် အခြေခံအချက်များမှာ-
(၁) လူမျိုးစုအားလုံး၏ကိုယ်ပိုင်စာပေ၊ဘာသာစကား၊ယဉ်ကျေးမှုလက္ခဏာများကို
လွတ်လပ်စွာ သင်ယူလေ့လာပိုင်ခွင့်။ထိန်းသိမ်းကာကွယ်ပိုင်ခွင့်ရှိရမည်။
(၂) ဘ၀အာမခံချက်ရှိသောအဆင့်မြင့်ပညာရပ်များနှင့် စက်မှုလက်မှု အသက်မွေး
ဝမ်းကြောင်းအတတ်ပညာများကို လက်တွေ့လုပ်ကိုင်သင်ကြားနိုင်ခွင့်ရှိရမည်။
(၃) လူတိုင်းမသင်မနေရပညာရေးစနစ်နှင့်အခမဲ့ပညာရေးစနစ်ဖော်ဆောင်ပေးရမည်။
(၄) ကျောင်းသားများကိုကျောင်းထုတ်ခြင်း၊စည်းကမ်းတင်းကျပ်ခြင်း၊ဖိနှိပ်ခြင်း
ကင်းမဲ့သည့်၊ကျောင်းသားအခွင့်အရေးအာမခံချက်ရှိသည့်တက္ကသိုလ်ဝန်းကျင်
ဖန်တီးပေးခြင်းရှိရမည်။
(၅) ကျောင်းသားတိုင်းပရိဘောဂ၊ကျောင်းသုံးပစ္စည်း၊ကျောင်းဆောင်၊ပြဌာန်းစာအုပ်၊
ပညာသင်ထောက်ပံ့ကြေး၊ဆေးဝါး၊ကြိုပို့ယာဉ် စသည်တို့မချို့မတဲ့ရရှိစေနိုင်သော
ကျောင်းသားဘ၀သာယာဝပြောမှုရှိရမည်။
(၆) တက္ကသိုလ်တိုင်း အစိုးရမှချုပ်ကိုင်မှုကင်းဝေးပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ
ရရှိသော ပညာရေးလွတ်လပ်ခွင့်ရှိရမည်။
(၇) ကျောင်းသားပြည်သူတို့ဆန္ဒနှင့်အညီ ရေးဆွဲထားသော ကျောင်းသားထုအခွင့်
အရေးများကို ကာကွယ်ပေးနိုင်သည့် ခေတ်မီတက္ကသိုလ်အက်ဥပဒေတစ်ရပ်
ပေါ်ထွက်လာရမည်။
(၈) တက္ကသိုလ်ကောင်စီတွင်အနည်းဆုံးကျောင်းသားကိုယ်စားလှယ်(၂)ဦး
ကျောင်းသားထုက ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိရမည်။
(၉) တက္ကသိုလ်၊ကောလိပ်၊သိပံ၊သက်မွေးနှင့်အခြေခံပညာကျောင်းတိုင်းတွင်
ကျောင်းသားထုကဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်စွာရွေးချယ်
တင်မြှောက်ထားသည့် ကျောင်းသားသမဂ္ဂများကို တရားဝင်ရပ်တည်ခွင့်
ပြုရမည်။
(၁၀) ဆရာ/မ များကို လစာလုံလောက်စွာပေးခြင်း၊အရည်အချင်းမြှင့်သင်တန်းများ
ပေးခြင်း၊ပညာသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများတွင်ဖိဖိစီးစီး
လုပ်ဆောင်နိုင်ရန် အားပေးခြင်းများရှိရမည်။တပြိုင်နက်တည်းကျောင်းသား-
ဆရာ ချစ်ကြည်စွာပူးတွဲဆောင်ရွက်ရေးကိုလည်းတွန်းအားပေးရမည်။
(၁၁) ကျောင်းသားထုအခွင့်အရေးအပြည့်အ၀ရရှိရေး၊ကျောင်းသားတိုင်းလွတ်လပ်စွာ
ရေးသားတင်ပြခွင့်နှင့် ကျောင်းသားထုကိုယ်တိုင်စာပေ၊အနုပညာ၊သတင်းနှင့်
အားကစား လုပ်ငန်းများကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရှိရမည်။
(ဃ) ထိုသို့ပညာရေးပြုပြင်ပြောင်းလဲရေးများပြုလုပ်နိုင်ရန် အထူးအရေးကြီးဆုံး(၂)ချက်ကို ထပ်မံအကြံပြု လိုပါသည်။ငြိမ်းချမ်းရေးနှင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးတို့ဖြစ်ပါသည်။ဒီ(၂)ချက် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါသည်။
(၆၅)နှစ်ကြာ တိုက်နေသောပြည်တွင်းစစ်ကြောင့်တိုင်းပြည်မငြိမ်းချမ်းပါ။စစ်မက်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများရှိပါသည်။၎င်းတို့၏သားသမီးများ ပညာသင်ကြားနိုင်ခွင့်ရရှိဖို့လည်း ပညာရေးမူဝါဒ ချမှတ်သူများ ထည့်သွင်းစဉ်းစားရပါမည်။ပြည်တွင်းစစ်ကြောင့်အကုန်အကျခံနေရသော စစ်သုံးစရိတ်များကို လျှော့ချပြီး ပညာရေးအသုံးစရိတ်မြှင့်တင်ဖို့အလွန်အရေးကြီးပါသည်။တိုင်းပြည်မငြိမ်းချမ်း စေသော ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်ဆိုင်းပြီးပညာရေးအသုံးစရိတ်လုံလုံလောက်လောက်မြှင့်တင်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းသွားကြဖို့အထူးအကြံပြု တိုက်တွန်းလိုပါသည်။
ကျော်ကိုကို
No comments:
Post a Comment