မလေး အိမ့်ချမ်းမြေ့
ဒီကနေ့.... နေရာလေး တစ်နေရာကို ရောက်ခဲ့တယ်...
အဲဒီနေရာလေးမှာ...
ဆရာဝန်မှ အင်ဂျင်နီယာမှ ရှေ့နေမှ ဆိုတဲ့ စကားတွေဟာ မကြားရသလောက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ၊ ရှေ့နေဖြစ်မှ လူဖြစ်ကြတာ မဟုတ်လို့ပါပဲ။
သူက ဆေးကျောင်းကဆင်းလာတာလား၊ ငါတို့က အင်ဂျင်နီယာတွေလား၊ ဟိုအုပ်စုက ရှေ့နေတွေလား၊ ဟိုအဖွဲ့က ရိုးရိုးမေဂျာသမားတွေလား၊ သူတို့ကကော DSA က ဆင်းလာတာလား. အိုတီအက်စ်တွေလား၊ ဆေးကျောင်းတောင်မှ ဆေးတစ်ကလား ဆေးနှစ်ကလား၊ ရန်ကုန်ဆေးလား၊ မန်းဆေးလား..၊ တောင်ပေါ်ဆေးလား၊ တောင်အောက်ဆေးလား၊ တောင်ကြားဆေးလား… အဲလိုတွေလည်း မကြားရပါဘူး။
ထမင်းတစ်စားပွဲထဲထိုင်စားမိရင်.. MIT လား၊ အောက်စဖို့လား၊ ယူဘီစီဆင်းလား၊ အက်စ်အက်ဖ်ယူဆင်းလား၊ အဲသလိုတွေလည်း ဘယ်သူမှ မမေးဘူး၊ မပြောဘူး၊ မဝင့်ကြွားဘူး၊ MIT တွေတစ်အုပ်စု၊ ယူဘီစီတွေ တစ်အုပ်စု စသဖြင့် ကွဲမသွားဘူး။ အားလုံးဟာ သူ့ဟာနဲ့သူ တန်ဘိုးရှိနေတဲ့ လူတွေပဲ။ ရိုးရိုးမေဂျာသမားက ထောင်ထားတဲ့ ကုမဏီကြီးတစ်ခုမှာ သူထက်ပညာတတ်တဲ့ ပရိုတစ်ယောက်က အလုပ်ဝင်လုပ်ချင်ရင် လုပ်နေမှာဖြစ်ပါတယ်။
အဲသလို ကွဲပြားခြားနားတဲ့ စိတ်ကို ဝင်စေတဲ့ ပညာရေးစနစ်ကိုလည်း မြေလှန်သင့်တယ်။ ပညာရပ်တိုင်းဟာ ဓာတုဖြစ်ဖြစ်၊ ရှုပဖြစ်ဖြစ်၊ ဥပဒေ၊ ဆေး၊ သင်္ချာ၊ မြန်မာစာ ဘာသာရပ်တိုင်း၊ ပညာရပ်တိုင်း၊ မေဂျာတိုင်းဟာ ဘယ်ဘာသာကမှ ဘယ်ဘာသာရပ်ထက်ပိုပြီး တန်ဘိုးမရှိဘူး၊ သူ့ဆိုင်ရာဆိုင်ရာ တန်ဘိုးရှိတယ်။ ဒီလို ကလေးတွေစိတ်ထဲ သွင်းပေးရမယ်။ အဲဒီအခါကျ ငါတို့ကတော့ အင်ဂျင်နီယာတွေမို့၊ သူတို့ကတော့ အီကိုတွေမို့ ဆိုတဲ့ စစ်မှန်တဲ့ပညာနဲ့ပြည့်ဝခြင်း မရှိတဲ့ စိတ်ဓာတ်တွေဟာ လျော့နည်းပပျောက်သွားမှာဖြစ်တယ်။
ဆရာဝန်တစ်ယောက်ဟာ သူ့အထွာနဲ့သူ တန်ဘိုးရှိသလို၊ လမ်းဘေးမှာ ပန်းရံရွက်နေသူဟာလည်း သူ့အတိုင်းအတာနဲ့သူ တန်ဘိုးရှိတယ်။ ဆရာဝန်တစ်ယောက်ဟာ သူနာပြုတစ်ယောက်ကို အခြားပရိုဖက်ရှင်နယ်တစ်ဦးအနေနဲ့ပဲ ဆက်ဆံတယ်။ သူနာပြုတစ်ဦးဟာ ဆရာဝန်တစ်ဦးရဲ့ ခိုင်းဖတ်မဟုတ်သလို၊ အငယ်တန်းအင်ဂျင်နီယာတစ်ယောက်ဟာလည်း အကြီးတန်းအင်ဂျင်နီယာတစ်ဦးကို ကော်ဖီဖျော်ပေးစရာ မလိုဘူး။
Rank အနိမ့်အမြင့်ကြောင့် တာဝန်ယူရခြင်း ကွာခြားတာ မှန်ပါတယ်။ ဒီလိုကွာခြားခြင်းဟာ ခိုင်းဖတ်တစ်ယောက်ကို ဖန်တီးလိုက်ခြင်း မဟုတ်ပါဘူး။
ကိုယ့်အတွက် ကော်ဖီဖျော်ပေးစေချင်ရင်၊ ကော်ဖီဖျော်ဖို့ လူတစ်ယောက်သပ်သပ်ခန့်ထားခြင်းပဲ ဖြစ်သင့်တယ်၊ ဒါမှမဟုတ်ရင် ကိုယ်တိုင်ထဖျော်သောက်သင့်တယ်။
SHARING FROM MY MAIL

No comments:
Post a Comment