- အယူသီးမှုတိုက်ဖျက်ရေး (၂)
- ဆက်ပြီး ကြောက်နေကြဦးမယ်ဆိုလျှင် ဆောင်းပါးရှင် (သီတလ)
- အကြောင်းကြားစာနဲ့ တုံ့ပြန်စာအပေါ်မှာ ဝေဖန်သုံးသပ်ခြင်း ဆောင်းပါးရှင် (သီတလ)
- ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း)
- ဥရုချောင်း ရေလျှံ၍ ဖားကန့်မြို့ တမြို့လုံးနီးပါး ရေမြုပ်... (ဓာတ်ပုံ)
Posted: 02 Jul 2011 06:39 AM PDT အယူသီးမှုတိုက်ဖျက်ရေး (၂) နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား အများပြည်သူ အလှူရှင်တို့ သိရှိမုဒိတာပွားစေရန် ဟူသော ရည်ရွယ်ချက်တစ်ခုတည်းနှင့် အလှူရှင်များအား (ကန့်သတ်) အနေဖြင့် ပြန်လည်၍ လက်ဆောင်ပေးအပ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "တစ်နေ့တာပေးဆပ်မှုများ" နှင့် "ဂီတလူမှုရေးသူရဲကောင်းများ Vol:1" ဟူသော DVD အချပ်များကို ဖန်တီး ပေးဆပ်ခဲ့ပြီးဖြစ်သည်။ ယင်းအခွေများတွင် ဂီတလောကမှ လူမှုရေးစိတ်ဓါတ်ရှိသော ဂီတပညာရှင်များတို့သည် တစ်တတ်တစ်အား ပါဝင်ကူညီသီဆိုခဲ့ပြီးဖြစ်သည်။ ပထမဆုံးသော "တစ်နေ့တာပေးဆပ်မှု" DVD အခွေတွင် ဂီတပညာရှင် အနဂ္ဃနှင့် Hip Hop အဆိုတော် (၁၀) ဦးတို့က အယူသီးမှု တိုက်ဖျက်ရေး ခံစားမှုသံစဉ် "လက်ကမ်းလိုက်" ဟူသောသီချင်းတစ်ပုဒ်ကို ပေးဆပ်သီဆိုပေးပြီးဖြစ်ရာ ယခုထပ်မံ ဖန်တီးမည့် ဂီတလူမှုရေး သူရဲကောင်းများ Vol:2 အတွက် အဆိုတော် အနဂ္ဂမှ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒုတိယခြေလှမ်းအဖြစ် ထပ်မံ၍ ရေးစပ်သီဆိုထားသော အယူသီးမှုတိုက်ဖျက်ရေး သီချင်း သစ်အား Home Studio တစ်ခု၌ စိတ်ဓါတ်ထက်သန် ပြင်းပြစွာဖြင့် သီချင်းသွင်းရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း အလှူရှင်များ၊ လူမှုရေးသမားများ၊ လူမှုရေးဂီတပညာရှင်များအား သတင်းကောင်းပါး လိုက်ပါသည်။ |
Posted: 01 Jul 2011 12:31 PM PDT ၁၉၈၉ခုနှစ် ဇူလိုင်လက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်က လူထုဟောပြောပွဲ တစ်ခု မြင်ကွင်းတစ်ခု ဘေးက အမိန့်ကို နာခံနေရတဲ့ တပ်မတော်သားတွေတောင် ဒေါ်အောင်ဆန်းစုကြည်ကို တအံ့တသြ ကြည့်နေရကြတဲ့ မြင်ကွင်းပါ...။ လူထုခေါင်းဆောင်အတွက် လူငယ်တွေ လက်နက်မပါ စိတ်ဓာတ်အင်အားနဲ့ ချွေးသံရွှဲရွှဲနဲ့ မကြောက်မရွံ လေးစားချစ်ခင်စိတ်နဲ့ အကာအကွယ် ပေးနေကြတာပါ...။ တပ်မတော်သားတွေလည်း ပြည်သူတွေပဲလေ... စံနစ်ဆိုးရဲ့သားကောင်ဖြစ်ရတဲ့ တမြေထဲနေ တရေတည်း သောက်နေသူတွေရဲ့ မြင်ကွင်းနှစ်ခုပါ...။ အကာအကွယ် ပေးနေရတဲ့ အခြေအနေ ကွဲပြား ကွာခြားချက်လေးပါ...။ ပြည်သူအတွက် အကာအကွယ် ပေးနေရတာလား အာဏာအတွက် အကာအကွယ် ပေးနေရတာလား။ အာဏာရှင်ကို လေးစားချစ်ခင် စိတ်ကြောင့် အကာအကွယ် ပေးနေရတာလား တာဝန်အရ အာဏာရှင်အတွက် အကာအကွယ် ပေးနေရတာလား ဆိုတာပါပဲ..။ (ဒီမိုဝေယံ) ဆက်ပြီး ကြောက်နေကြဦးမယ်ဆိုလျှင် ဆောင်းပါးရှင် (သီတလ) ၂၀၀၈-နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့လုပ်ကြတဲ့ ဆန္ဒခံယူပွဲကာ လတုန်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ အသံမျိုးစုံ ပေါ်ထွက်နေပါတယ်။"သူ့အပိုင်မှာ နေတာဆိုတော့ ကိုယ်မကြိုက်ပေမဲ့လည်း သူ့ခိုင်းတဲ့အတိုင်း လုပ်ပေးရမယ်လေ။ ဒီလိုမှ မလုပ်ရင်…." ဆိုတဲ့ အပိုင်ရာအိမ်မှူးကို ကြောက်တဲ့အသံ၊ "ကိုယ့်အိမ်က ၀န်ထမ်း ရှိနေတယ်လေ၊ ဒီတော့.."ဆိုတဲ့ ၀န်ထမ်းအလုပ်ပြုတ်သွားမှာကို တွေးကြောက်တဲ့အသံ၊ "တို့ကတော့ ဒါကြီးကို ကြိုက်တာတော့ လုံးဝကို မကြိုက်ဘူး၊ လုပ်ငန်းကရှိနေတော့ သူတို့နဲ့က မကင်းနိုင်ဘူးလေ" ဆိုတဲ့ လုပ်ငန်းကို နှောင့်ယှက်ခံရမှာ ကြောက်တဲ့ လုပ်ငန်းရှင်ရဲ့အသံ၊ " မဲရုံမှာ ဗွီဒီယိုကင်မရာတွေ ဘာတွေ တပ်ထားရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ မဟာသူရဲကောင်းရဲ့အသံ စတဲ့စတဲ့ ကြောက်သံ လန့်သံ အတ္တကို ဗဟိုပြုပြီး တွေးကြတဲ့အသံ စိတ်ဆန္ဒနဲ့ လုပ်ရပ် ၀ိရောဓိ ဖြစ်နေကြတဲ့အသံတွေဟာ ပွက်ပွက်ကို ညံလို့ပါလား။ အဲဒီလိုနဲ့ ၂၀၁၀ ရောက်လို့ ရွေးကောက်ပွဲ ဆိုတာကြီးကို လုပ်ထည့်လိုက်ပြန် တော့လဲ အနှီးအသံတွေအပြင် " တို့လမ်းက ကိုယ့်ဟာကိုယ်ဆိုရင် ဘယ်လိုမှ ခင်းနိုင်မှာ မဟုတ်ဘူးလေ၊ အခု သူတို့က ခင်းပေးမယ်ဆိုတော့…" ဆိုတဲ့ အသံကလဲ ထူးထူးခြားခြား ပေါ်ထွက်လို့လာပြန်ပါတယ်။ အော်…ဆိုပြီးတော့ဘဲ အာမေဋိတ်ခဲ့မိပါတယ်။ အခုလဲ အင်တာနက်စာမျက်နှာတွေမှာ အလားတူ အသံမျိုးတွေ ကြားနေရပြန်ပါ ပေါ့လား။ မြောက်ဥက္ကလာပ မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုက အိမ်တစ်အိမ်ကို ငှားပြီး ပညာဒါန သင်တန်းကျောင်းကလေး ဖွင့်လှစ်ပါသတဲ့။ ဒါကို အာဏာပိုင်ဆိုတဲ့လူတွေကအဲဒီအိမ်ရှင်ကို မေးလားမြန်းလားလုပ်တော့ အိမ်ရှင်က ကြောက်ပြီး သူ့အိမ်ကို ဆက်မငှားတော့ပါဘူးတဲ့။ ဒါက တစ်ခု။ နောက်တစ်ခုကတော့ စက်တင်ဘာသံဃာလှုပ်ရှားမှုမှာ ထောင်ကျသွားတဲ့ သီလရှင်ဆရာလေးတစ်ပါး ထောင်ကလွတ်တော့ သီလရှင်လည်း ပြန်ဝတ်ခွင့် မရ။ အလုပ်ကလည်း မရှိနဲ့ ဒုက္ခရောက်နေလို့ သံဃာတော်တွေ သီလရှင်တွေကို ထောင်ဝင်စာသွားတွေ့နေတဲ့ မကြာခင်ကမှ ပြည်သူဂုဏ်ရည်ဆုရရှိခဲ့တဲ့ အန်တီဒေါ်ရှုက အပ်ချုပ် သင်တန်းကျောင်းတစ်ကျောင်းမှာ အပ်နှံပေးပါသတဲ့။ အဲဒီလိုအပ်နှံတာကို လက်ခံပြီးမှ အန်တီ ဒေါ်ရှု ပုံကို ဂြိုဟ်တုစလောင်းမှာ မြင်လိုက်ရလို့ ကြောက်လန့်ပြီး အန်တီဒေါ်ရှု လာအပ်သွားတဲ့ အဲဒီ သီလရှင်လူထွက် ကလေးကို လက်မခံတော့ပါဘူးတဲ့။ ဒီလိုသတင်းမျိုး ဒီလိုအသံမျိုးတွေကို ကျွန်တော်တို့ မကြာခဏ ကြားနေရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းက ဆိုရင် တချို့သော ပါတီတွေ ပါတီရုံးခန်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ကို အာဏာပိုင်ဆိုတာတွေက ဖိအားပေးတာတို့ ခြိမ်း ခြောက်တာတို့ လုပ်ကြတဲ့အတွက် အိမ်ရှင်က မငှားဝံ့တော့လို့ ပါတီတွေ အခက်အခဲကြုံရတာမျိုးတွေကိုလည်း ကျွန်တော်တို့ ကြားခဲ့ရပြီးပါပြီ။ နောက်ထပ်ကြားရတဲ့အသံကတော့ ပြည်မြို့က အသံပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းက ပြည်မြို့မှာ သုခကုသိုလ်ဖြစ်ဆေးခန်း ဖွင့်ပါသတဲ့။ အဲဒီမှာ မူလတုန်းက ဆရာဝန်(၁၀)ယောက်လောက်က ကုသိုလ်ဖြစ် ၀င်ရောက် လုပ်ကိုင်ကြတယ်။ နောက်တော့ အာဏာပိုင်ဆိုသူတွေက ဆရာဝန်ကလေးတွေကို ဖိအားပေးတာမျိုးတွေ လုပ်လာတော့ ဆရာဝန်ကလေးတွေက ကြောက်လန့်ပြီး နောက်ဆုတ်သွားကြလို့ ဆရာဝန်ကြီး တစ်ဦးသာ ကျန်ပါတော့တယ်တဲ့။ အော် ကြားရ ကြားရ နားဝမှ မသက်သာပါတကား။ အကြောက်တရားအောက်မှာ ဆယ်စုနှစ် ငါးခုလောက် ဖြတ်သန်းခဲ့ကြရတဲ့ အတွက် ကိစ္စတစ်ခုပေါ်လာတိုင်း ကြောက်စရာကိုဘဲ ပြေးပြေး မြင်နေကြတာဟာ အလေ့အကျင့်ကြီးကို ဖြစ်ပြီး အမြစ်တွယ်နေတာ အတော်ကို စိတ်မကောင်းစရာပါ။ ဒီအမြစ်ကို ပယ်နှုတ်ပစ်ဖို့ဆိုရင် အုပ်ချုပ်သူတွေ ကိုယ်တိုင်က ပြည်သူတွေ မိမိမှန်တယ်ထင်ရာကို ပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲ ရှိလာအောင် တက်တက်ကြွကြွနဲ့ ဦးဆောင်လမ်းပြပြီး ကြိုးစားကြရမှာပါ။ ဒီလို ကြိုးစားမယ် ဆိုရင်တောင်မှ အချိန်တော့ အတော်ယူရပါလိမ့်မယ်။ ခု ဖြစ်နေတာက အုပ်ချုပ်သူဆိုတာကလဲ သိတဲ့အတိုင်း ပြည်သူကို အစွမ်းကုန် ဖိနှိပ်ဖို့ အကြောက်တရားအောက်မှာ ပြားပြားမှောက် နေဖို့လောက်သာ အားစိုက်နေကြတာဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် အရေးဟာ အတော်ကို ရင်လေးစရာကောင်းလှပါတယ်။ ဒီကြားထဲကမှ အကြောက်တရားကို မျက်ကွယ်ပြုပြီး ဘ၀တူပြည်သူတွေ အကြောက်တရားအောက်က လွတ်မြောက်စေဖို့ လှုပ်ရှားနေသူတွေ ရှိနေသေးတာကိုက ၀မ်းမြောက်စရာပါ။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုဆိုတာကလဲ အမြဲတမ်း စောင့်ကြည့်ခံ နေကြရတာဆိုတော့ အတိုင်းအတာတစ်ခုအထိဘဲ လှုပ်ရှားလို့ ရနိုင်မှာပါ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပြည်သူတွေ ဘက်ကလည်း နိုင်ငံရေးသမားတွေလို မလုပ်နိုင်ကြသည့်တိုင်အောင် ကိုယ့်ရှေ့ရောက်လာတဲ့ ကိုယ့်တာဝန်ကိုတော့ ကိုယ်ကယူရဲဖို့ လိုလိမ့်မယ်ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု နိုင်ငံတစ်နိုင်ငံရဲ့အပြောင်းအလဲ ဆိုတာထိုနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ မပါဝင်ဘဲနဲ့တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခု အပြောင်းအလဲဆိုတာ လူ့တစ်ဦးချင်းဆီရဲ့ လက်ထဲမှာ ရှိနေပါ တယ်။ လူ့တစ်ဦး ချင်းစီက ကြောက်လို့၊ ဘာလို့၊ ညာလို့ဆိုပြီးတော့ ကိုယ့်အတ္တကိုဘဲ ဗဟိုရ်ပြုနေကြမယ် ဆိုရင်တော့ နောက်နှစ်ပေါင်း ဘယ်လောက်ကြာကြာ ဒီအခြေအနေထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေဘက်ကလဲ မျက်စိဖွင့် နားစွင့်ပြီး ကိုယ့်တာဝန်ကိုယ် ကျေသင့်ကြတယ်လို့ ပြောချင်ပါတယ်ဗျာ။ ဒီနေရာမှာ မော်လမြိုင်စာပေဟောပြောပွဲတုန်းက ဆရာအော်ပီကျယ် ပြောသွားတာလေးကို တော်တော် သဘောကျလို့ မျှဝေပေးလိုက်ပါရစေဦး။ ဆရာပြောသွားတာကတော့- "ကျွန်တော်တို့က လူထု လူ့အဖွဲ့အစည်းလို့ ပြောလိုက်တာနဲ့ ကိုယ်က ရောယောင် ပါသွားတယ်ဗျ။ တကယ့်တကယ်က အဲဒီလူထုတို့ ခုလို ပရိသတ်တို့ ဆိုတဲ့ဟာ စကားလုံးအားဖြင့်တော့ ကောင်းတယ်။ ဆိုပါတော့ဗျာ၊ ဟို ဘတ်စကားပေါ်တက်ရင် သူများ တတောင်နဲ့တွတ်ပြီး ကျော်တက်တဲ့လူတို့ လက်မှတ်တိုးရင် ကျော်တက်တဲ့လူတို့ ဟိုလစ်ရင် လစ်သလို ကွမ်းတံတွေး ဗျစ်ကနဲ ထွေးတဲ့လူတို့ အဒီလို အကျင့်မကောင်း သောလူတွေ တစ်ယောက်ချင်း ပေါင်းထားသော လူထု ဖြစ်တော့ ဘာလုပ်မှာတုန်း။ အဲဒီလူထု ဆိုသောဟာသည် တစ်ယောက်ချင်း ကောင်းရမယ်ဗျ၊ လူထု ဆိုတာသည် လူ့အဖွဲ့အစည်း ဆိုတာသည် တစ်ယောက်ချင်း ကောင်းရမယ်၊ တစ်ယောက်ချင်း အသိပညာ ရှိရမယ်။ လူတွေ အကုန်ပေါင်းလိုက်တာနဲ့ အသိပညာကြီး ရှိသွားတာ မဟုတ်ဘူး။ လူတစ်ဦးချင်း အသိပညာရှိသော လူ့အဖွဲ့အစည်း ကျွန်တော်က ဖြစ်စေချင်တော့တာ။ ဘာလို့လဲဆိုတော့ စောစောက မကြာသေးပါဘူး။ ရွေးကောက်ပွဲတွေ ဘာတွေလဲ ပြီးသွားပါပြီ။ လူတစ်ဦးချင်းကလေ အသိဥာဏ်ရှိရဲ့လား လို့တောင် ကျွန်တော် တစ်ခါတလေ မေးယူရတယ်နော်။ ကျွန်တော်က ဘယ်သူ့ထဲကို ဘာလုပ်တယ်တွေ ဘာတွေ မလိုပါဘူး။ မိမိရဲ့သိက္ခာ၊ မိမိရဲ့ ဦးဏှောက်၊ မိမိရဲ့သီလကိုတော့ မိမိကိုယ် ကိုမိမိထိန်းဖို့လိုတယ်။ "ဟင်း သိဘူးလေ၊ သူများလိုဘဲ ဟင်း" အဲဒါမျိုး လူထုကို တော့ ကျွန်တော်က မလိုချင်ဘူးဗျာ။ လူထုဆိုတာ လူတစ်ဦးချင်း တစ်ဦးချင်းကောင်းတဲ့ လူတွေပေါင်းမှ လူထုကောင်းဖြစ်မှာပေါ့။ လူညံ့တွေပေါင်းပြီး လူထုကောင်းကြီးတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။" တဲ့။ သီတလ |
Posted: 01 Jul 2011 12:29 PM PDT အကြောင်းကြားစာနဲ့ တုံ့ပြန်စာအပေါ်မှာ ဝေဖန်သုံးသပ်ခြင်း ဆောင်းပါးရှင် (သီတလ) ဒီလို အကြောင်းကြားတဲ့ နေရာမှာ အစိုးရ ကိုးကား ထားတာတွေကတော့ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဆိုတာရယ်၊ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက် အမှတ်(၉၇/၂၀၁၀) ဆိုတာတွေပါဘဲ။ ဒီဥပဒေတွေ ဒီကြေညာချက်တွေဆိုတာဟာ ယူနီဖောင်းဝတ် ယူနီဖောင်းချွတ် စစ်အာဏာရှင်တွေ သူတို့အာဏာ သက်ဆိုးရှည်ဖို့ တပ်ဆင်လိုက်ကြတဲ့ လက်နက်တွေသာ ဖြစ်လို့ ကျွန်တော်တော့ စိတ်မ၀င်စားဘူးဗျာ။ ဒေါ်စုရဲ့ပုံရိပ်ကို လုံးဝပျောက်ကွယ်သွားအောင် NLD ဆိုတာကို အမြစ်ပါ မကျန် တူးဖြို ဖျက်ဆီးပစ်နိုင်အောင် ပြည်သူလူထုကို စစ်ဖိနပ်အောက်မှာ ပြားပြား မှောက်နေအောင် တလျှောက်လုံး လုပ်လာခဲ့ကြတာဆိုတော့ ခုလိုမျိုး အကြောင်းကြား စာပေးပို့တယ် ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဆန်းပါဘူး။ တချိန်ချိန်မှာ ဒီလို ဖြစ်လာမယ်ဆိုတာ မျှော်လင့်လို့ရပါတယ်။ ဒါတွေကို ဝေဖန်နေမယ်ဆိုရင်လဲ မစင်ပုံကို လက်နဲ့ကိုင်ပြသလိုမျိုး ဖြစ်နေမှာပါ။ ကျွန်တော် စိတ်ဝင်စားတာက ဒီကိစ္စအပေါ်မှာ ဒေါ်စု ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါ။ တကယ့်တကယ် ဒေါ်စုရဲ့ တုံ့ပြန်ချက်ကို ဖတ်လိုက်ရတော့ ကျွန်တော် တော်တော် ကိုဘဲ အားမလို အားမရ ဖြစ်သွားပါတယ်။ ဘယ်နှယ့်ဗျာ၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့တဲ့ NLD ပါတီ ခေါင်းဆောင်တစ်ယောက် က ဒီစစ်ကျွန်ပြုရေး ဥပဒေကြီးကိုများ ပြန်ပြီး ကိုးကားနေရတယ်လို့။ ကိုးကားတာမှ ပုဒ်မ တစ်ခုတည်းတောင် မဟုတ်ဘူး။ ပုဒ်မ-၄၀၉၊ ပုဒ်မ-၄၀၇၊ ပုဒ်မ-၄၄၆ ဆိုပြီး သုံးခု ကြီးများတောင်။ အသေးစိတ်သိချင်ရင်တော့ http://burmese.nldburma.org/media-press-release/press-release/352-letter-to-home-minister-ko-ko.html မှာ ၀င် ဖတ်ကြည့်ဗျာ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့လို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ကို လက်မခံလို့ ကန့်ကွက်မဲပေးပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲမပေးဘဲ နေခဲ့တဲ့ သာမန် အရပ်သား တစ်ယောက်က အကြောင်း တစုံတရာကြောင့် ကိုယ်လက်မခံခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကြီးကိုဘဲ ကိုးကားပြီးပြောမယ်ဆိုရင် သူ့အရိုးနဲ့ သူ့ ပြန်ထိုးတာဘဲလေ လို့ နားလည်ယူလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်စုလို NLDခေါင်းဆောင် တစ်ယောက်က ဒါကြီးပြန်ကိုးနေတာဟာ အမြင်မတော် ဆင်တော်နဲ့ ခလောက်လို ဖြစ်နေမလားဘဲ။ နောက်ပြီး စစ်တပ်တစ်မတ်သားက လွှတ်တော်ထဲမှာ အချောင်သက်သက်နေရာဝင်ယူနိုင်အောင် ဖန်တီးထားတဲ့ စစ်ကျွန်ပြုရေးဥပဒေကြီး ကို သွားပြီး ကိုးကားနေတာဟာ သွယ်ဝိုက်သောနည်းအားဖြင့် ဒါကြီးကို ထောက်ခံရာ ရောက်မနေပေဘူးလား။ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ ရည်မှန်းချက်ဟာ ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်ထွန်းကာဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ရောက်အောင်သွားမယ်ဆိုရင် ဒီစစ်ကျွန်ပြုရေး အခြေခံဥပဒေကြီး တည်ရှိနေသေးသရွေ့တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်က သူတို့အလိုကျ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံ ဆိုတာကြီးနဲ့ရော ဒါကြီးကို အကြောင်းပြုပြီး ထုတ်ထားတဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ ကြေညာချက်ဆိုတာတွေနဲ့ရော ဒီမိုကရေစီ အင်အားစုတွေအပေါ် အကြောင်းပေါ်တိုင်း ဖိနှိပ်နေမှာပါ။ ဒါကို ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်ကလည်း အကြောင်း ပေါ်လာတိုင်း ဒါကြီးကို လက်မခံနိုင်ပါဘူး ဆိုတာကို ငြင်းဆန်ကြဖို့တော့ လိုမယ် ထင်ပါတယ်။ ဒါကြီးကို လက်မခံနိုင်တဲ့အတွက် ဒါကြီးကနေတဆင့် ပေါက်ဖွားလာတဲ့ ဥပဒေ ဆိုတာကိုတွေရော၊ ကြေညာချက် ဆိုတာတွေကိုရော လက်မခံနိုင်ပါဘူးဆိုပြီး ငြင်းဆန် တာဟာ အကြမ်းဖက်တာ မဟုတ်ပါဘူး။ အကြမ်းမဖက်သောနည်းနဲ့ တိုက်ပွဲဝင်နေတာပါ။ စစ်အာဏာရှင်ဆိုတာကတော့ သူတို့ ထုတ်ထားတဲ့ ဖိနှိပ်ရေးဥပဒေတွေ၊ ဖိနှိပ်ရေး ကြေညာချက်တွေနဲ့ ဆန့်ကျင်ရင် အာဏာဖီဆန်တယ်လို့ဘဲ ယူဆမှာပါ။ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေက ဒါတွေကို ထည့်တွက်နေစရာ မလိုပါဘူး။ ဒါကို ထည့်တွက်စဉ်းစားပြီး သူတို့ထုတ်ထားတဲ့ ဥပဒေတွေနဲ့ ညီပါကြောင်း အသနားခံနေ ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ လိုလားတဲ့ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေဦးမှာပါ။ နောက်ပြီး ဒေါ်စုရဲ့ တုံ့ပြန်ချက်ထဲမှာ တရားဥပဒေစိုးမိုးရေး ဆိုပြီး အကြောင်း အရာတပ်ထားသလို "တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးထား လိုက်နာခြင်းသာ ဖြစ်ပါသည်" ဆိုပြီးတော့လဲ လုပ်ထည့်လိုက် ပြန်ပါသေးတယ်။ ဒေါ်စု စာထဲမှာ ပါတဲ့ "ဥပဒေပါ ပြဋ္ဌာန်းချက်" ဆို တာဟာ ကျွန်တော်တို့ အော့နှလုံးနာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်တွေ ဖြစ်နေပါပေါ့လား။ ဘုရား ဘုရား လို့သာ တ မိတော့တယ်။ တကယ်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ အာဏာရှင်ရဲ့ လက်သုံးစကားပါ။ ဒီစကားကို ကိုင်ပြီး ဒီမို ကရေစီရေး လှုပ်ရှားသူတွေ အားလုံးကို ဖိနှိပ်ခဲ့တာပါ။ ဒါကို ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်စုက အာဏာရှင် လက်သုံးစကားနောက်လိုက်ပြီး အာဏာရှင်ရဲ့ ဥပဒေ တွေကို အလေးထားနေမယ် ဆိုရင်တော့ ပါတီပြန်ပြီး မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်၊ ပြီးတော့ စစ်အာဏာရှင်ရဲ့ စစ်ကျွန်ပြုရေး ဥပဒေအတိုင်းသာ တသွေမတိမ်း လျှောက်လှမ်းသွားပါတော့လို့သာ အကြံပြုရတော့မလို ဖြစ်နေပါပြီခင်ဗျား။ သီတလ ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်တဲ့အတွက် စာဖတ်သူတွေအနေနဲ့ ဆောင်းပါးပါ အကြောင်းအရာများအား ဝေဖန်အကြံပြု ဆွေးနွေးနိုင်ပါတယ်...။ |
Posted: 01 Jul 2011 12:29 PM PDT ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း) ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား"ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် "ဟဲ့.. ငလွင် မရသေးဘူး လား"လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ "ငလွင်.. လာခဲ့"လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ "ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့ မလဲ"လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။ ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခု က စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံဘဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ထွက်ခိုင်းပါတယ်။ နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင့်အဖြေလား" "ဟုတ်ပါတယ် ဆရာ" "အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း.. အဲဒီလိုတွေ ဖြေထားတာဗျ။ တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။ ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။" "ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား" ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာဘဲ။ ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။ "ဟေ့ကောင် ဖြေလေကွာ" ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက "မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး"လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။ "သူဖြေတာ မှားပါတယ်" "ဟုတ်ပြီ၊ နောက်တစ်ယောက်" "မှား.. အဲ.. မှားပါတယ်" "နောက်တစ်ယောက်" "မှားပါတယ်" တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။ "မှားပါတယ်" အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။ မောင်သစ်ဆင်း (သင့်ဘ၀ မျက်နှာဖုံးဆောင်းပါးများ "တုတ်တစ်ချောင်း၏ အတ္ထုပတ္တိ"မှ ထုတ်နုတ်ဖော်ပြပါသည်) ပေးပို့သူ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...။ |
Posted: 01 Jul 2011 10:20 AM PDT ဥရုချောင်းကူးတံတား ဖားကန့်မြို့လယ် မြင်ကွင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ မနေ့က ရေကြီးနေတဲ့ ဓာတ်ပုံတွေပါ..။ ဖားကန့်တမြို့လုံးနီးပါး ရေမြုပ်တယ်လို့ ဆိုပါတယ်..။ လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ဘေး၊ စစ်ဒဏ် ရေဘေးဒဏ်တွေ ကချင်ပြည်နယ်က လူထုလက်ရှိခံစား နေရတဲ့ ဒုက္ခတွေပါ....။ မြန်မာပြည်သူတွေတွေ မင်းဘေး၊ ရေဘေး ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ...။ ဖားကန့်ရေမြုပ် သိန်းစိန်ပြုတ်ဆိုပြီး ပြောဆိုနေကြတယ်လို့ သတင်းတွေ ထွက်နေပါတယ်...။ ဓာတ်ပုံ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်... |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment